ရောမမြို့ကြီးကို မီးရှို့ခဲ့တဲ့ နီရိုးဘုရင်ရဲ့ အကြောင်းနဲ့ ဘဝဇာတ်သိမ်းခန်း (သံဝေဂရစရာပါပဲ)
ရောမမြို့ကြီး မီးလောင်နေစဉ် ရောမဘုရင် နီရိုးက စောင်းတီးနေသည်ဟု စာဆိုရှိသည်။ အမှန်မှာ ထိုသို့မဟုတ်ပါ။ အကောင်းဆုံး၀တ်ရုံကို၀တ်ဆင်ပြီး အမြင့်ဆုံး မျှော်စင်ပေါ်မှ နေ၍ မီးလောင်နေသော ရောမမြို့ကြီးကိုကြည့်ကာ စောင်းတီးလျက်ရှိသော ရံရွှေတော်များနှင့်အတူ သီချင်းဟစ်အော်ဆိုနေသည်။
မီးလောင်သဖြင့် အိမ်မှ ထွက်ပြေးကြရရှာသော တိုင်းသူပြည်သားများကို ကြည့်ရသည်မှာ သူ့အဖို့ ထူးကဲလှသော မျက်စိအရသာဖြစ်လေသည်။ ပြည်သူ/သားများ ဒုက္ခရောက်ပုံကို အပေါ်စီးကကြည့်ရင် အလွန်သာယာလှပသည့် ရှုခင်းပေတကားဟု ချီးကျူး လိုက်သေးသည်။ လွန်စွာမှရက်စက်၍ ကြောက်စရာကောင်းသော စိတ်ထားဖြစ်သည်။
မီးလောင်သည်မှာ မတော်တဆမဟုတ်ပေ။ ရွှေတိုက်တော်၌ ငွေကြေးဘဏ္ဍာ လျော့ပါးလွန်းလှ၍ နီရိုးကိုယ်တိုင် သူ၏အမိန့်နှင့် မြို့ကိုမီးရှို့ခြင်းဖြစ်သည်။ နီရိုးက သူ့စစ်သည်တော်များကို မီးလောင် နေခိုက် ရနိုင်သမျှရအောင် တိုက်ခိုက် လုယက်ရမည်ဟု အမိန့်ချမှတ်လေသည်။
နီရိုးသည် ရောမပြည်၌ တန်ခိုးကြီးခဲ့သော ဆီဇာနန်းဆက်တွင် ပထမမြောက် ဘုရင်ဖြစ်သည်။ ကြီးမားလှသော ရောမအင်ပါယာကြီးကို ဖျက်ဆီးပစ်သော ဘုရင်ဆိုး မင်းယုတ်အဖြစ် သမိုင်းတွင် ထင်ရှားသည့်ပုဂ္ဂိုလ်ပေတည်း။
နီရိုး၌ သမာသမတ်စိတ်၊ ကြင်နာသနားစိတ်ဟူ၍ စိုးစဉ်မျှမရှိချေ။ သူ့အဖို့ ကာမဂုဏ်စည်းစိမ် ခံစားရမည်ဆိုလျှင် ငဲ့ညှာခြင်း လုံး၀မရှိပေ။ သူသည် မကောင်းမှုအားလုံးကို လုပ်ဖူးသည်။ မိခင်အရင်းကိုပင် ကြင်ရာမြှောက်ခဲ့သည်။ ရာဇ၀င်အဆက်ဆက်၌ သူ့လောက်ဆိုးသွမ်းညစ်ညမ်းယုတ်မာသောမင်း မပေါ်ပေါက်ဖူးခဲ့ချေ။
သူသည် ခရစ်နှစ် ၅၅ ခုနှစ်တွင် ဧကရာဇ်ဖြစ်သည်။ အသက်(၁၇) မျှသာရှိသေးသည်။ ထိုစဉ်က ရောမအင်ပါယာကြီး တည်ထောင်လျက်ရှိသော်လည်း ရောမလူမျိုးတို့၏ တန်ခိုးမှာ လျော့ပါးစပြုလာလေသည်။ မင်းကောင်းမင်းမြတ်ဆက်ခံလျှင် ယိမ်းနေသော အင်ပါယာကြီးသည် တည့်မတ်၍ရနိုင်သေးသော်လည်း နီရိုးကဲ့သို့ မင်းဆိုးမင်းညံ့ကြောင့် ပျက်စီးမှုမြန်သွားလေသည်။
နီရိုးသည် တိရစ္ဆာန်စိတ်ရှိသူဖြစ်သည်။ တခါတရံ ခြင်္သေ့ရေ၊ ဝံပုလွေရေကိုလွှမ်း၍ လှောင်အိမ်ထဲမှာ အတန်ကြာနေပြီးလျှင် လှောင်အိမ်မှဖွင့်ပေးခိုင်းပြီးနောက် လှောင်အိမ်မှထွက်၍ လက်ပြန်ကြိုးတုပ်ထားသော အရွယ်ငယ်ငယ် ကျွန်ကလေးများကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ထစ်လေသည်။
တခါတရံလည်း သူ့ကိုယ်သူ အနုပညာသည်တစ်ယောက်လို ထင်မှတ်ကာ တေးသီချင်း၊ တူရိယာ၊ ကဗျာလင်္ကာများကို သီဆို ရေးစပ်လေသည်။ တစ်ခါတရံ ငါးမျှားထွက်သည်။ ရထားပြိုင်သည်။ ပြိုင်တိုင်း သူ့ကိုပထမပေးကြရသည်။
တစ်ခါက သူသီချင်းဆိုသောနေ့တွင် ငလျှင်လှုပ်သည်။ ပရိတ်သတ်တို့သည် ဇာတ်ရုံထဲမှ ထွက်ပြေးချင်သော်လည်း ဘုရင်ကိုယ်တိုင်ဆိုနေသဖြင့် မလှုပ်ရဲချေ။ ဆုံးအောင် နားထောင်ကြရသည်။ သီချင်းဆုံး၍အားလုံး အပြင်ထွက်ပြီးသော် ဇာတ်ရုံပြိုကျ လေသည်။ ထိုအချင်းအရာကို ဘုန်းတော်ဘွဲ့သမားများက ဘုရင် ဘုန်းတန်ခိုးကြီးပုံကို ဖွဲ့နွဲ့လျှောက်တင်ကြသည်။
နီရိုးတွင် မောင်းမမိဿံမျာစွာရှိသည်။ မိဖုရားကြီးသုံးယောက် ဆင့်ယူသည်။ နောက်ဆုံး မိခင်ရင်းကိုပင် မချန် မိဖုရားမြှောက်သည်။ သူ့မိဖုရားများမှာလည်း သူငြီးငွေလျှင် အကြောင်းရှာ ရှင်းပစ်သည်။ သူ့မိခင် ပင်လျှင် နောက်ဆုံး ဓားဖြင့် အဆုံးစီရင်ခြင်းခံရသည်။
တစ်သက်လုံးစည်းစိမ်ခံစားလာသော နီရိုးဘုရင်သည် တိုင်းပြည်၏ ဘဏ္ဍာတော်များကို အရမ်းသုံးလာရာ နောက်ဆုံး၌ကုန်ခမ်းလာတော့ သည်။ သူ့လက်ပါးစေများနှင့် သူဌေးများကို ရာဇ၀တ်သင့်အောင် ဖန်တီးကာ ပစ္စည်းဥစ္စာများကို သိမ်းယူလေသည်။ အခွန်များကို တိုး၍ကောက်သည်။ ထိုသို့ လုပ်သော်လည်း သူ့အသုံးစားရိတ်ကို မကာမိချေ။
နောက်ဆုံးတွင် ရောမမြို့ကြီးအား မီးရှို့ကာ အကြီးအကျယ် လုယက်လေတော့သည်။ ပြည်သူ/သားများသည် မင်းဆိုးမင်းညစ်အား မုန်းတီးလာကြလေရကား ညတစ်ညတွင် နီရိုးသည် သန်းခေါင်ယံနိုးလာသောအခါ သူ့၏သက်တော်စောင့် တစ်ယောက်မှ မရှိတော့ကြောင်းသိရ၍ တောထဲသို့ထွက်ပြေး လေတော့သည်။
တောထဲ၌ တိရစ္ဆာန်ပမာ ဆံမုတ်ဆိတ်စုတ်ဖွားနှင့် ရက်အတန်ကြာ နေပြီးနောက် ဖမ်းမိလျှင် အကြီးအကျယ် နှိပ်စက်ခံရပြီးနောက် သေရမည်ဧကန်ဖြစ်ကြောင်း သိသဖြင့် သူ့လည်ပင်းကို ဓားမြှောင်ဖြင့် ထိုးကာသူ့ကိုယ်သူအဆုံးစီရင်လိုက်လေတော့သည်။ သူသေဆုံးချိန်တွင် အသက် ၃၁နှစ်သာရှိသေးသည်။ နန်းသက် ၁၄ နှစ်မျှသာ စည်းစိမ်ခံလိုက်ရသည်။
Sanomia