ဆေးဆိုင်တွေ ပိတ်ကုန်တဲ့ မင်္ဂလာဈေး၊ ထိန်းမရတဲ့ ဒေါ်လာနဲ့ ပြည်သူတွေရဲ့ ဒုက္ခသောက

နိုင်ငံအတွင်းဆေးဝါးပြတ်လပ်မည်ကို ပြည်သူတွေ မပူပန်ကြရန် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ဩဂုတ်လ ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။ နေ့စဉ်သုံးစွဲနေရသည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ပြတ်လပ်မည်ကို ပူပန်ဖို့မလိုဘဲ လိုအပ်သည့်ပစ္စည်းများ ဆက်လက်ရောက်ရှိလာတော့မည် ဖြစ်ကြောင်း ကြေညာထားပါတယ်။

ထို့ကြောင့် ဆေးဝါးကုမ္ပဏီများ၊ လက်ကားဖြန့်ဖြူးရေးဆိုင်များ၊ လက်လီဆိုင်များအနေဖြင့် ဈေးကွက်ထဲတွင် အရောင်းပိတ်စရာမလိုဘဲ ပုံမှန်အတိုင်းဆက်လက်ရောင်းချကြရန်လည်း တိုက်တွန်းထားပါတယ်။

သွင်းကုန်တင်သွင်းမှု ပိုမိုလွယ်ကူအဆင်ပြေရန် ညှိနှိုင်းခဲ့ပြီဖြစ်ကာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိအောင် တတ်နိုင်သမျှ အမြန်ဆုံးတင်သွင်းကြရန်လည်း ဆေးဝါးတင်သွင်းသူများကို အသင်းက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ဆေးလုပ်ငန်းရှင်များ အသင်းက ထိုသို့ ကြေညာထားပေမယ့် မြေပြင်ဈေးကွက်မှာတော့ ဒေါ်လာဈေး အဆမတန် မြင့်တက်မှုကြောင့် ဆေးဆိုင်အများအပြား ရောင်းချနိုင်ခြင်း မရှိဘဲ ပိတ်ထားကြတာကို တွေ့ရပါတယ်။ ဆေးလောကနဲ့ နီးစပ်သူ ၂ ဦး ရေးသားထားတဲ့ ပို့စ်တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်-

ရေးသားသူ (၁) “မြန်မာနိုင်ငံရဲ့ ဆေး လက်ကားအများဆုံး ဖြန့်တဲ့ မဂ်လာစျေး အခြေအနေ ဆေးလက်ကားဆိုင်တွေ အရောင်းအဝယ် ဆက်မလုပ်နိုင်တော့ဘူး။ ခုလိုပုံစံနဲ့ မနေ့က ရောင်းတဲ့ပစ္စည်း ဒီနေ့ ရှုံးနေပြီ ရှုံးနေတာ တစ်ရက် နှစ်ရက် မကတော့ဘူး။ စျေးတတ်နေတာ ၂၅ ရာခိုင်နှုန်း မကတော့ဘူး ကိုယ်တောင့်ခံနိုင်တဲ့ ပမာဏကို ဆက်မခံနိုင်တော့လို့ အခုလို ဖြစ်သွားတယ်လို့ ထင်ရတာပဲ။ ကုမ္ပဏီတွေ တိုင်ပတ် လက်ကားဆိုင် လက်လီဆိုင်တွေ တိုင်ပတ် နောက်ဆုံး ပြည်သူတွေပဲ တိုင်ပတ်။”

ရေးသားသူ (၂) “ဒီလို စာတွေထုတ်ပြီ ဆိုရင် ဘာဖြစ်နေတာလဲ သဘောပေါက်သင့်ပြီ။ ၁၈ လ ပြည့်တာတောင် နားမလည်သေးဘူး ဆိုရင်တော့ ယုံကြမှာပေါ့။ ကုမ္ပဏီ အကြီးတွေ လည်ပတ်နိုင်ပြီး ကုမ္ပဏီ အသေးတွေ ဒေါ်လာရှာမရ ၊ ဝယ်ရင်ရှုံး ရောင်းရင် အရင်းပြုတ် မှာ သိလျက် ပစ္စည်း လက်ကျန် တကယ်ပြက်နေကြတာ။

မဆီမဆိုင် ၊ ဆိုင်လား မဆိုင်လား မသိ၊ ပြည်တွင်းဖြစ် တိုင်းရင်းဆေးပါ ရှားပြီး ဈေးတက်ကုန်ရော။ ရေစင်ရေမန်းတော်ကြီးတောင် တရားဝင် ပြန်ရောင်းခိုင်းသင့်နေပါပြီ။ သွင်းကုန် လိုင်စင် လွယ်လွယ်ရတာပဲထပ်ခါထပ်ခါပြောနေ၊ဒေါ်လာမရှိတော့ဘာနဲ့ရှင်းရမလဲ”

Leave a Reply

Your email address will not be published.

x

You cannot copy content of this page