သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို စကစ အမှုဖွင့်ဖမ်းဆီး၊ လျှို့ဝှက်တဲ့နေရာမှာ ထိန်းသိမ်းထားဟုဆို

မြန်မာပြည် အွန်လိုင်းလောကမှာ နာမည်ကြီးတဲ့ သရုပ်ဆောင်မော်ဒယ်များ ဖြစ်တဲ့ သင်ဇာဝင့်ကျော်နှင့်နန်းမွေစံတို့ကို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ ဓါတ်ပုံနှင့်ဗီဒီယိုများအား လူမှုကွန်ရက်မှာ အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သဖြင့် အမှုဖွင့် အရေးယူထားကြောင်း စကစ လက်အောက်ခံ မြန်မာ့ရုပ်မြင်သံကြား မှတဆင့် သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာ မော်ဒယ် သင်ဇာဝင့်ကျော်ကို ရှမ်းပြည်တိုးတက်ရေးပါတီအတွက် မှတ်တမ်း ရုပ်သံ ရိုက်ကူးမှုကြောင့် စကစက ရက်သတ္တပတ် နှစ်ပတ်ကြာ ဖမ်းဆီး စစ်ဆေးပြီးနောက် ပြန်လွှတ်ခဲ့ပါသေးတယ်။

မော်ဒယ် နန်းမွေစံကိုလည်း စကစက ပြည်ပထွက်ခွာခွင့် မပေးဘဲ နိုင်ငံကူးလက်မှတ်ကို သိမ်းယူထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အဆိုပါ မော်ဒယ် ၂ ဦးကို အမှုဖွင့်ဖမ်းဆီး အရေးယူထားပြီး လျှို့ဝှက်တဲ့နေရာမှာ ထိန်းသိမ််းထားတယ်လို့ သိရပါတယ်။

မဆိုင်တဲ့သူတွေကို မဆိုင်တဲ့ ပုဒ်မတွေ တပ်ပြီး ဖမ်းလေ့ ရှိတဲ့ စကစအနေနဲ့ ကိုယ်မပိုင်တဲ့ လူမှုကွန်ရက်ပေါ်မှာ ကိုယ့်စိတ်ကြိုက်တင်ထားတာကို အမှုဖွင့်တာဟာ ရယ်စရာ ဖြစ်နေတယ်လို့ ဆိုရှယ်မီဒီယာ သုံးစွဲသူတဦးက မှတ်ချက် ပြုပါတယ်။

စကစ အနေနဲ့ မြန်မာ တနိုင်ငံလုံး ဖေ့ဘုတ်အသုံးပြုခွင့် ပိတ်ပင်ထားပေမယ့်လည်း တနိုင်ငံလုံးက သုံးစွဲနေကြတာကြောင့် ကိုယ်မပိုင်တဲ့ အရာကို လှမ်းထိန်းချုပ်နေဖို့ ကြိုးစားနေတာဟာ “ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ့်ဟန် ခါးက မသန်” ဆိုတဲ့ စကားပုံလို ဖြစ်နေတယ်လို့ ပြည်သူတွေက မှတ်ချက်ချနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page