ဒူတာတေး ကြမ်းပြီ (ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူတွေ အပြင်ထွက်ပါက ဖမ်းမည်ဟု ခြိမ်းခြောက်)
ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတာ (၃) လကြာရှိလာတာကြောင့် ကိုဗစ် ကာကွယ်ဆေး မထိုးရသေးသူတွေအနေနဲ့ ရောဂါကာကွယ်ရေး ညွှန်ကြားချက်တွေကို မလိုက်နာဘဲ အိမ်ပြင်ထွက်လာမယ် ဆိုရင် အဖမ်းခံရမယ်လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ဇန်နဝါရီ ၆ ရက်မှာ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။
ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူတွေ သိအောင်လုပ်ထားဖို့၊ သူတို့တွေ နေအိမ်တွေမှာပဲ နေနေတယ်ဆိုတာ သေချာအောင်စောင့်ကြည့်ထားဖို့အတွက် ရပ်ရွာခေါင်းဆောင်တွေကို တောင်းဆိုထားတယ်လို့ ရုပ်သံမိန့်ခွန်းမှာ သမ္မတ ဒူတာတေးက ပြောဆိုခဲ့ပါတယ်။
ဆေးမထိုးရသေးတဲ့သူတွေ အိမ်မှာမနေဘဲ အပြင်ထွက်ပြီး ရပ်ရွာထဲ လျှောက်လည်မယ်ဆိုရင် တားဆီးနိုင်ကြောင်း ဒါကို ငြင်းဆန်မယ်ဆိုရင် ဒီလို လူယုတ်တွေကို ဖမ်းဆီးဖို့ ရပ်ရွာခေါင်းဆောင်တွေ လုပ်ပိုင်ခွင့်ပေးကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ စက်တင်ဘာ ၂၆ ရက်နောက်ပိုင်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးအဖြစ် ကြာသပတေးနေ့က ပိုးတွေ့လူနာ ၁၇၂၂၀ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လတ်တလော ကူးစက်ခံရသူများတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်နေသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။