ဓာတ်ဆီနေရာမှာ ရေသုံးပြီး ရေတလီတာကို မိုင် ၃၀၀ ကျော်မောင်းနိုင်တဲ့ ဆိုင်ကယ်ကို တီထွင်ခဲ့သူ
ဘရာဇီးနိုင်ငံ ဆောပေါလိုမြို့မှ အစိုးရဝန်ထမ်းတဦးဟာ Moto Power H2O လို့ခေါ်ဆိုတဲ့ ရေအခြေခံ လောင်စာဆီတမျိုးကို တီထွင်ဖန်တီးခဲ့ပါတယ်။
ရီကာဒိုလို့ နာမည်ရတဲ့ အဆိုပါ ဝန်ထမ်းဟာ ကိုယ်ပိုင် ၁၉၉၃ ခုနှစ်ထုတ် ဟွန်ဒါ NX 200 မော်တော်ဆိုင်ကယ်ကို ရေနဲ့မောင်းလို့ ရတဲ့ ဆိုင်ကယ်အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။
အဆိုပါ ဆိုင်ကယ်တွင် တပ်ဆင်ထားတဲ့ ကိရိယာမှာ ကားဘက်ထရီကို အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ကာ ရေမော်လီကျူးထဲမှ ဟိုက်ဒရိုဂျင်မော်လီကျူးများကို ခွဲထုတ်ပေးပြီး ထွက်လာတဲ့ ဟိုက်ဒရိုဂျင်ကို ဆိုင်ကယ်အင်ဂျင်လည်ပတ်ဖို့အတွက် သုံးထားတာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်နဲ့ လည်ပတ်တဲ့ ဆိုင်ကယ်အင်ဂျင်ရဲ့ အိတ်ဇောပိုက်ကနေ ရေငွေ့ပဲ ထွက်တယ်လို့ သိရပါတယ်။
ရီကာဒိုက သူ့ရဲ့ နည်းပညာဟာ လေထုညစ်ညမ်းမှုကို လျှော့ချဖို့ အထောက်အကူ ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ လျှပ်စစ်နဲ့ ဟိုက်ဒရိုဂျင် ပေါင်းစပ် စမ်းသပ်မှုမှာ ရေတလီတာကို မိုင် ၃၀၀ ကျော် မောင်းနှင် နိုင်တယ်လို့ သိရပါတယ်။
လောင်စာဆီနေရာမှာ ရေအစားထိုး သုံးစွဲရာမှာ ရေအမျိုးမျိုး သုံးစွဲနိုင်ပြီး သန့်ရှင်းသော ရေသာမက ညစ်ညမ်းနေတဲ့ မြစ်ရေများကိုပင် အသုံးပြုနိုင်တယ်လို့ ရီကာဒိုက ဆိုပါတယ်။
ဟိုက်ဒရိုဂျင်ဟာ စကြာဝဠာထဲမှာ အပေါများဆုံး ဒြပ်စင် ဖြစ်ပေမယ့်လည်း ပေါ့ပါးလွန်းတဲ့ အလေးချိန်ကြောင့် ကမ္ဘာပေါ်မှာ သန့်စင်တဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့က အလွန်ရှားပါးလှပါတယ်။ အောက်ဆီဂျင်ကဲ့သို့ တခြား ဓာတ်ငွေ့ တခုခုနဲ့ ပေါင်းစပ်ပြီး ရေပုံစံအဖြစ် တည်ရှိနေကြပါတယ်။
ဟိုက်ဒရိုဂျင်လောင်စာနဲ့ ပတ်သက်ပြီး သုတေသနစီမံကိန်းတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တဟုန်ထိုး တိုးတက်လာပြီး ကားထုတ်လုပ်တဲ့ ကုမ္ပဏီများက ဟိုက်ဒရိုဂျင် နည်းပညာကို အခြေခံပြီး မော်တော်ယာဉ်များကို ထုတ်လုပ်ရန် စိတ်အား ထက်သန်နေကြပါတယ်။
လတ်တလောမှာတော့ မီးလောင်လွယ်တဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေကို လုံခြုံစိတ်ချစွာ အသုံးပြုဖို့အတွက် နည်းပညာများ အကန့်အသတ်နဲ့ ရှိသေးတာကြောင့် ထပ်မံ၍ သုတေသနတွေ လုပ်နေကြဆဲပဲလို့ သိရပါတယ်။