နေပြည်တော်မှာ ရဲကို လိုင်းကြေးပေးပြီး ပေါ်တင်ဖွင့်နေတဲ့ လောင်းကစားဝိုင်းကြီးများ

နေပြည်တော်မှာ ရဲကို လိုင်းကြေးပေးပြီး ဘယ်သူမှ ဂရုမစိုက်ဘဲ ပေါ်တင်ဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေ များလာတယ်လို့ သိရပါတယ်။

နေပြည်တော် တောင်ညို မောင်းတံဂိတ်အနီး မင်းနောင်ကျေးရွာ ၅၂ သစ်စက်မှာ ဂျင်ဝိုင်း၊ ဂေါက်ဂက်ဝိုင်းတို့ အကြီးအကျယ် လုပ်နေပြီး မင်းကုန်းအုပ်စု၊ ဖောင်လောင်ကျေးရွာဘောလုံးကွင်းမှာ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ဂေါက်ဂက်ဝိုင်းတွေ အကြီးအကျယ် လုပ်နေကြောင်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ရဲတွေကို ဒိုင်တွေက လိုင်းကြေး ပေးထားတာကြောင့် တရားဝင် ဖွင့်ခွင့်ရနေပြီး လွတ်လွတ်လပ်လပ် လုပ်နေကြကြောင်း၊ လောင်းကစားဝိုင်းများ ရှိခြင်းကြောင့် ခိုးဆိုးလုနှိုက် ဖြစ်ရပ်များ အများအပြား ပေါ်ပေါက်လာကြောင်း၊ ရွာအတွင်းသို့ မျက်နှာစိမ်းများ အဝင်အထွက်များလာခြင်းကြောင့် စိုးရိမ်မကင်း ဖြစ်ရကြောင်း ဒေသခံ ရွာသားတဦးက ပြောပါတယ်။

လက်ရှိအချိန်တွင် ဧရာဝတီတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း စတဲ့ တိုက်ပွဲ မဖြစ်ပွားတဲ့ နေရာတွေမှာ လောင်းကစားဝိုင်းများ အကြီးအကျယ် ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ နယ်မြေခံရဲများကို ဆက်ကြေးပေးပြီး တရားဝင် ဖွင့်ခွင့်ရနေတဲ့ လောင်းကစားဝိုင်းရဲ့ လောင်းကြေးများဟာ သိန်းရာဂဏန်းကနေ ထောင်ဂဏန်းအထိ ရှိတယ်လို့ သိရပါတယ်။

နိုင်ငံစီးပွားရေး ပြိုလဲနေချိန်မှာ အထွေထွေ ကုန်ဈေးနှုန်းများ မိုးထိအောင် မြင့်တက်နေပြီး ဝင်ငွေတွေ လျော့ကျလာတာကြောင့် ပြည်သူများအနေနဲ့ ထွက်ပေါက်အဖြစ် နှစ်လုံး၊ သုံးလုံး၊ ဘောလုံးအပြင် လောင်းကစားနည်းမျိုးစုံကို ပြုလုပ်လာကြပါတယ်။ အွန်လိုင်းမှာလည်း လောင်းကစားဂိမ်းများ အများအပြား ပေါ်ထွက်လာပြီး နည်းမျိုးစုံနဲ့ လောင်းကစားချင်အောင် ပြလုပ်လျက် ရှိပါတယ်။ ပြည်သူများအနေနဲ့ အသိ သတိကပ်ပြီး ချင့်ချိန်ဆုံးဖြတ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page