ယနေ့အချိန်မှာ တန်ဖိုးအရမ်းရှိနေတဲ့ ဓာတ်ဆီကို မတော်တဆ မျိုချမိတဲ့အခါ ဘာလုပ်သင့်လဲ

ဓာတ်ဆီကို ပိုက်နဲ့စုပ်ရင်း မတော်တဆ မျိုချမိတဲ့အခါ ဓာတ်ဆီက အစာရေမျိုပြွန်ကို ဖြတ်ပြီး အစာအိမ်ကို ရောက်သွားပါတယ်။ အစာအိမ်နဲ့ အူကနေ ဓာတ်ဆီကို စုပ်ယူတာ သိပ်နည်းပါတယ်။ ဒါကြောင့် သူ့ဘာသာပဲ ဝမ်းထဲကနေ ပြန်ထွက်သွားမှာပါ။

ဓာတ်ဆီက သိပ်အရသာတော့ မရှိပါဘူး။ ပါးလွှာနူးညံ့တဲ့ ကိုယ်တွင်း အမြှေးပါးတွေကိုတော့ ကောင်းကောင်း လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ဓာတ်ဆီ မတော်တဆ ဗိုက်ထဲ မျိုမိရင် ရေတစ်ခွက် သောက်ချပါ။ ပြင်းအားနည်းသွားစေဖို့ ဖြစ်ပါတယ်။

ဓာတ်ဆီ သီးသွားရင် အသက်ရှူကြပ်တာ၊ ခက်တာတွေ ချက်ချင်းဖြစ်လာပြီး ဆေးရုံပြသဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတ်ဆီဟာ နူးညံ့တဲ့ အဆုတ်နဲ့ လေပြွန်အမြှေးပါးလေးတွေကို ဒဏ်ရာ ရသွားစေပါတယ်။

ကလေးတွေ ဓာတ်ဆီ မော့မိရင် အတင်း ထွေးမထုတ်ခိုင်းပါနဲ့။ အန်အောင် မလုပ်ပါနဲ့၊ လေပြွန်ထဲကို ရောက်သွားမှာစိုးလို့ပါ။ ရေနွေးနွေးလေး နှစ်ခွက်လောက် တိုက်လိုက်ပါ။ ပလုတ်ကျင်းခိုင်းပါ။ အာခေါင်အမြှေးပါးတွေကို မလောင်ကျွမ်းစေဖို့ပါ။ ရေသောက်ခြင်းဖြင့် မူလပြင်းအား သိသိသာသာ လျော့နည်းသွားစေမှာပါ၊ အစာအိမ်နဲ့ အူက ဓာတ်ဆီကို မစုပ်ယူတာမို့ သူ့အလိုလို ဝမ်းသွားရင်း ပါသွားတတ်ပါတယ်။

နားထဲကို ဓာတ်ဆီဝင်ရင် ရေနွေးနွေးနဲ့ လောင်းချ ပြန်ထုတ်ကြည့်ပါ။ ပြဿနာက ဓာတ်ဆီဟာ နူးညံ့တဲ့နားစည်နဲ့ တခြား နားတွင်းအစိတ်အပိုင်းတွေကို ကောင်းကောင်း ပျက်စီးစေတာမို့ ဆရာဝန်နဲ့ သေချာပြသပြီး ကိရိယာသုံးပြီး နားတွင်းကို သန့်စင်စေသင့်ပါတယ်။

အသားနဲ့ ထိရင်တော့ အသားတွေ ခြောက်သွေ့တာ၊ ဓာတ်မတည့်တာတွေ ဖြစ်စေပါတယ်။ အဖုအသေးလေးတွေပါ ပြင်လိုက်ပေါက်လာတတ်ပြီး နီရဲတာ ယားယံတာတွေ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေ ကြုံရမှာပါ၊ ဓာတ်ဆီ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ပြောင်အောင် ဆေးကြောသင့်ပါတယ်။

တချို့တွေက ရှိတယ်၊ ခိုက်မိရင် ဒဏ်ရာရင် ဓာတ်ဆီ လောင်းချလိုက်တာ။ သူတို့အဆို ပိုးသေတယ် အနာကျက်တယ်ပေါ့။ လုံးဝမလုပ်ရပါဘူး။ တစ်သျှူးတွေ အသားတွေ ပိုမိုပျက်စီးသွားပြီး အနာကျက် အလွန်နှေးသွားတတ်ပါတယ်။ အမာရွတ်ကြီးကြီးလည်း ကျန်တတ်ပါတယ်နော်။

ဓာတ်ဆီနံ့စွဲတာ ပြသနာလား။ တချို့လူတွေက ဓာတ်ဆီနံ့ကို နှစ်သက်ကြပါတယ်။ နှာခေါင်းလေးပိတ်ရင် ဓာတ်ဆီလေးရှူရမှ ဆိုတာမျိုး။ လူတစ်ကိုယ် စိတ်တစ်မျိုးပေါ့။ ရိုးရိုးအနံ့နဲ့ ကျေနပ်ရင် ပြဿနာ မတက်ပေမယ့် ဓာတ်ဆီကို ခွက်ထဲထည့် ရှူကြည့်ရင်း နှာခေါင်းထဲ တစ်စက်လောက်ပဲ ရောက်ပါစေ။ အသက်ရှူလမ်းကြောင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါကြောင်း သတိချပ်ကြဖို့ပါ။

ဓာတ်ဆီ မျက်လုံးထဲဝင်ရင် ရေနွေးနွေးနဲ့ ဆေးချပါ၊ ရေအေး မသုံးရပါဘူး။ ရေများများ လောင်းဆေးပြီးတာနဲ့ မျက်စိဆရာဝန်နဲ့ ချက်ချင်းပြသ ကုသမှုခံယူပါ။ ဘာမျက်စဉ်းမှ မထည့်ပါနဲ့။ အဝတ်သန့်လေးနဲ့ ဖုံးအုပ်ကာ ဆေးခန်းပြသပါ။

နေ့စဉ်ဓာတ်ဆီငွေ့တွေ စက်ကထွက်တဲ့ အခိုးအငွေ့တွေကို ရှူသွင်းနေရသူတွေမှာ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆဲလ်များ ပြောင်းလဲမှုဖြစ်လာပြီး အဆုတ်ကင်ဆာဖြစ်စေပါတယ်လို့ သုတေသနတွေ ထွက်ရှိထားပါတယ်။

ဓာတ်ဆီ နှစ်ငုံစာလောက် ဗိုက်ထဲဝင်တာ အဲလောက် အန္တရာယ် မရှိပေမယ့် အလွန်အကျွံ သောက်သုံးမိတဲ့အခါ အာခေါင်စပ်တာ၊ ရင်ပူတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ မျက်စိဝါးတာ၊ ဗိုက်နာတာ၊ သတိလစ်တာတွေထိ ဖြစ်စေပါတယ်။

ဂျီပီငှက် (ဆေး/မန်း);

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page