ကျောင်းမနေခဲ့ဘူးတဲ့ ဘုန်းကြီးလူထွက် ဆိုက်ကားဆရာ ဘာသာစကား (၄) မျိုးကျွမ်းကျင်သူ ဦးသောင်းစိန်

“ကျုပ်ဘဝအကြောင်း by tourist guide U Thaung Sein” ကျုပ်လေ အီတလီလိုလည်း ထမင်းစားရေသောက် ပြောတတ်တယ်။ ဂျာမန်လိုလည်း အဲလောက်တော့ဖြစ်တာပါပဲ။ ပြင်သစ်လိုကျတော့ လိမ့်ပတ်လည်အောင်ပြောနိုင်တယ်။ ဖတ်နိုင်တယ်။ အရေးကျတော့ အားနည်းချက်နည်းနည်းရှိတယ်။ ၂၀၀၀ – ခုနှစ်ကစပြီး exotissimo နဲ့ station ရော throughoutအဖြစ်နဲ့ပါ ပြင်သစ်ဂိုက်လိုက်ခဲ့တယ်။ ခုတော့ adorable myanmar မှာအများဆုံးပါ။ တခြားAgencyတွေကလည်း ပြင်သစ်ဂိုက်အဖြစ် ကျုပ်ကိုယုံကြည်စွာသုံးခဲ့တာ ၁၅ – နှစ်ရှိပါပြီ။

မင်းကို ပြင်သစ်သင်ပေးတဲ့ ဆရာ ဘယ်သူလဲလို့ မေးရင် ကျုပ်မှာ သင်ဆရာမရှိပါ။ စာအုပ်တွေနဲ့ ပြင်သစ်တိုးတွေဟာ ကျုပ်ဆရာတွေပါပဲဗျ။ အင်္ဂလိပ်ဂိုက်အဖြစ်နဲ့ကတော့ ၁၉၉၈ – ခုကတည်းက diethelm နဲ့လိုက်ခဲ့တာဗျ။ အဲဒီတုန်းက မန်းလေး station manager က ဆရာဦးတင်အောင်မြင့်ပေါ့။ တိုးသွားတောင်းတယ်။ ဆရာက မရှိဘူးဗျတဲ့။ ကျုပ်ပြင်သစ်လည်းပြောနိုင်ပါတယ်လို့ ပြောလိုက်တော့မင်းကွန်းအကြောင်းပြင်သစ်လိုဗျူးတော့တာဘဲဗျို့။ သဘောကျသွားတော့ ခင်ဗျားတခြားလက်မခံနဲ့၊ ကျနော့်ဆီပဲလိုက်တော့ဆိုပြီး မနားတမ်းပေးတော့တာပဲဗျ။

ဒီတော့ မင်းအင်္ဂလိပ်စာ ဘယ်မှာသင်သလဲလို့မေးလာရင်လည်း စာအုပ်တွေကလွဲရင်ကျုပ်မှာဆရာမရှိဘူးဗျာ။ ကျုပ်က တန်းကျောင်းမှ မနေခဲ့ဖူးတာကိုးဗျ။ ကျုပ်ကို ၁၉၅၃ – ခုမှာ အဘ ဦးဘလုံ၊ အမိ ဒေါ်သိန်း တို့ကမွေးဖွားခဲ့တယ်။ တောစွန်ဇနပုဒ်မှာပေါ့ဗျ။ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ မြောက်ဆည်ဆိုတဲ့ရွာငယ်လေးမှာပါ။ မူလတန်းကျောင်း မရှိတဲ့ရွာဆိုတော့ ဘုန်းကြီးကျောင်းပေါ့ဗျာ။ ဆရာတော်ဦးသံဝရက ကျူပ်ကိုသင်ပုံးကြီး၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ပရိတ်ကြီးသင်ပေးခဲ့တာပေါ့။

၁၉၆၆ – ခုမှာ ကိုရင်ဝတ်ခဲ့တယ်။ ၁၉၆၇ – စလင်းမြို့၊ ကိုးဆောင်တိုက်ကျောင်းမှာ စာသင်ခဲ့တယ်။ အဘိဓမ္မာအောင်ခဲ့တယ်။ ၁၉၆၈ – ခု သာယာဝတီ၊ ကြို့ပင်ကောက်မြို့၊ အရှေဘုရားကြီးတိုက်မှာ စာသင်ခဲ့တယ်။ အဲဒီမှာ ပထမငယ်တန်းအောင်ခဲ့တယ်။ ၁၉၆၉ – ခုမှာမပျော်လို့ ၁၆ – နှစ်သားမှာကိုရင်လူထွက်လိုက်တယ်ပေါ့ဗျာ။ ရွာပြန် မိဘတွေနဲ့ ပဲစိုက်၊ နှမ်းစိုက်၊ လယ်လုပ်၊ သစ်ငုတ်တူး၊ ထင်းခုတ်ပေါ့ဗျာ။ ၁၉၇၃ – အသက်၂၀ မှာ တစ်ရွာတည်းသူနဲ့ အိမ်ထောင်ကျခဲ့တယ်။

ရွာကတောင်းဆိုလို့ အဲဒီနှစ်မှာ သမဝါယမတာဝန်ခံလုပ်ခဲ့ရတယ်။ တာဝန်ခံအဖြစ်မြို့နယ်ကလူတွေနဲ့ဆက်ဆံရတော့ ပညာမတတ်တာ ရှက်လာတယ်။ အင်္ဂလိပ်စာတတ်ချင်လာတယ်။ ဒီအရွယ်ရောက်မှ မလွယ်တော့ပါဘူးလေလို့ တွေးပြီး အားလျော့မိခဲ့တယ်။

တစ်နေ့မြို့က ပြန်လာတဲ့ ဦးဇင်းလေးနဲ့ စကားပြောဖြစ်ကြတယ်။ လူသေလူဖြစ်ဆိုပြီး နာမည်ကြီးနေတဲ့ တောင်တွင်းကြီးမြို့က ဆရာတော်အရှင်ဥက္ကဌအကြောင်းပေါ့။ အဲဒီဆရာတော်ကကွာ ၃၅ – နှစ်ရှိမှ အင်္ဂလိပ်စာ စလေ့လာတာတဲ့ကွ။ တနေ့ စကားလုံး ၅၀ အရကျက်ထာ ၂ – နှစ်လောက်ကြာတော့ သူမသိတဲ့အင်္ဂလိပ်စာလုံး မရှိသလောက်ပဲတဲ့ကွ။ နောက်တော့ အင်္ဂလိပ်စာလို စာအုပ်ထုတ်ခဲ့တယ်ကွ။ အဲဒါကြားလိုက်တော့ အားတက်သွားတယ်။ အဲဒီတိုင်းပဲ လုပ်ခဲ့တာပဲဗျ။ ပင်ပန်းခဲ့ပါတယ်။စကားလုံး မရွေးတတ်၊ နည်းစနစ် နားမလည်ပေါ့ဗျာ။

သဒ္ဒါကျတော့ ဦးသုမန BA ရဲ့ New method grammar ဆိုတဲ့နည်းသစ်သဒ္ဒါကို အခြေပြုခဲ့ပါတယ်။ dictionary ဘေးမှာထားပြီး စာတစ်မျက်နှာတစ်နေကုန်ကြာအောင်ဖတ်နဲ့ပေါ့ဗျာ။ ရေဒီယိုလည်း နားထောင်တယ်။ အစကတော့ ဘာမှနားမလည်သလောက်ပါပဲဗျာ။ အဲသလိုရူးခဲ့တာ ၂ – နှစ်လောက်ကြာတော့ အထိုက်အလျောက်ဖတ်နိုင်၊ နားထောင်နိုင်လာတယ်။

၁၉၇၅ – မှာ သမီးဦးလေးမွေးတယ်။ နောက်တော့ သားလေးယောက်ထပ်ရပြန်တယ်။ ကျုပ်ပညာမတတ်ခဲ့သလို သားတွေပညာမတတ်မှာ သိပ်ရင်ပူခဲ့တယ်ဗျာ။ ရွာမှာနေရင် သူတို့ကို မြို့ကျောင်းမပို့နိင်မှာ သေချာသိတယ်။ မြို့မှာနေပြီးဖြစ်သလို ကြိုးစားထားမယ် ဆိုတဲ့အတွေးနဲ့ မန်းလေးကို ကလေးငါးယောက်နဲ့ ပြောင်းရွှေ့လာခဲ့သပေါ့ဗျာ။ ပိုင်ဆိုင်တာဆိုလို့ ငွေငါးထောင်ပဲရှိခဲ့၊ ပါခဲ့တယ်ဗျ။

ကျုပ်နယ်ကသနပ်ခါးပေါတော့ အလုပ်ကတော့ သနပ်ခါးဝယ်ရောင်းပေါ့ဗျာ။ မိန်းမကို တရုတ်တန်းစျေး သနပ်ခါးရောင်းခိုင်း၊ ကျုပ်ကတော့ ဒေါ်သီတို့၊ ဝင်းဝင်းတို့၊ နတ်မိမယ်တို့မှာ သနပ်ခါးသွားစပ်၊ သူတို့လိုချင်တယ်ဆို နယ်ပြန်ဝယ်ရောင်းပေါ့ဗျာ။ ငွေလေးစုမိတော့ တရုတ်ပစ္စည်းကုန်ကူးပေါ့။ မှောင်ခိုခေတ်မှာ တရုတ်ပစ္စည်းကိုစက်ဘီးနဲ့သယ်ရင် မဖမ်းဘူးဗျ။ ကျုပ်မူဆယ်ကနေ မန်းလေးကို စက်ဘီးနဲ့ကုန်အပြည့်တင်ပြီး ငါးခေါက်ထိစီးခဲ့ဘူးတယ်။

အဲ ၁၉၈၈ – မှာ ဘဝပျက်ပြန်တာပါဘဲ။ ငွေစက္ကူ ၇၅ – ကျပ်တန်တွေမသုံးရလို့ကြေငြာလိုက်တော့ ငွေ – ၇၀၀၀၀ လောက်ထိသွားတာပေါ့။ ဆန်တစ်ပြည် ၂ – ကျပ်၊ ၅၀ – ပြား ခေတ်မှာပေါ့။ ၈၈ – အရေးအခင်းနဲ့ ကလေးငါးယောက်ရယ်၊ သုံးဖြစ်တဲ့ငွေ ၃၀၀၀ နဲ့ ဘဝတစ်ကပြန်စရတယ်။

တနေ့ ၂၀ နဲ့ အုန်နာယူပြီး နင်းရတဲ့ဆိုက္ကားဆရာဖြစ်ခဲ့ရတယ်။ သားတွေကိုတော့ ဖြစ်သလို ကျောင်းဆက်ထားခဲ့တယ်။ တစ်နေ့ နိုင်ငံခြားသားတစ်ယောက် ညရှစ်နာရီလောက်ဆိုက္ကား လာငှားတယ်။ ထွန်းလှဟိုတယ်သွားမယ်တဲ့။ စာဖတ်ဖို့သာ ရည်ရွယ်ပြီးလေ့လာခဲ့တဲ့အင်္ဂလိပ်စာ ငွေရှာဖို့ဖြစ်သွားအောင်အစပျိုးခြင်းပါပဲ။

နောက်နေ့တစ်နေကုန် ၂၀၀ နဲ့ငှားတယ်။ ပြီးသွားတော့ ၅၀၀ ပေးသွားတယ်။ နောက်တော့ တိုးတွေကိုပဲ အဓိကထားလုပ်တော့တယ်။ ပုဂံ၊ အင်းလေးထိလည်း လိုက်တဲ့အခါလိုက်ရတယ်။ ၁၉၉၅ – ခုမှာ မီးရထားက ဗိုလ်ကြီးထွန်းအောင်ကျော် ဒုရုံပိုင်ဦးကြည်စိန်တို့နဲ့တွေ့ပြီး မီးရထားစီးတိုးများကြိုပို့လုပ်ငန်းမှာခေါင်းဆောင်ဂိုက်အဖြစ် လုပ်ခဲ့တယ်။ မီးရထားဝန်ထမ်းမိသားစုများကို သုံးလစကားပြောသင်တန်းပို့ချခဲ့ရပါတယ်။

တိုးတွေနဲ့လုပ်ရင်း ပြင်သစ်လိုတတ်ချင်လာတယ်။ အဲဒီတုန်းက မြန်မာဘာသာပြန်ပါတဲ့ ပြင်သစ်စာအုပ်မဆိုထားနဲ့ အင်္ဂလိပ်စာဘာသာပြန်ပါတဲ့ ပြင်သစ်စာအုပ်ရဖို့ရန် မလွယ်ပါ။ ရှိတယ်ကြားရင် ရောင်းပေးပါခင်ဗျ၊ မရောင်းရင်လည်း ကော်ပီကူးပါရစေခင်ဗျလို့ စာအုပ်တောင် အောက်ကြို့ပြီးရှာရတာပါ။ ကက်ဆက်ခွေရဖို့မလွယ်ရေးချမလွယ်ပေါ့။ နောက်တော့ ပြင်သစ်တစ်ယောက်က ပါရီကနေပို့ပေးလို့ အဆင်ပြေခဲ့ပါတယ်။

ခုတော့ …မန်းလေးမှာ အိမ်နဲ့ဝိုင်းလေးလည်းရှိပါပြီ။ သားအကြီးဆုံးက ကွန်ပျူတာနဲ့ ဘွဲ့ရပြီ။ ဒုတိယသားက သွားဆရာဝန် မန်းလေဆေးရုံကြီးမျက်နာမေးရိုးဌာန။ တတိယသားလည်း ဆရာဝန်ပါပဲ။ စတုတ္ထသားက အင်ဂျင်နီယာပါ။ တောကြိုခြုံကြားက ပညာမဲ့တောသားတစ်ယောက်ရဲ့စိတ်ကူးအိပ်မက်တစ်ဝက်ကျော်နင်းခဲ့ပြီ။ ဒီပို့စ်ကိုတင်တာ ကျုပ်ကြွားချင်လို့မဟုတ်ပါ။ ဘာပညာလိုလို …စာအုပ်စာတန်း၊ကက်ဆက်၊ စီဒီ၊ ကွန်ပြူတာ၊ သင်ထောက်ကူပစ္စည်းပေါများလွယ်ကူနေတဲ့ခေတ်မှာ ဇွဲသတ္တိခိုင်ခိုင်ကြိုးစားရင် မအောင်မြင်စရာမရှိပါ။ ကိုယ့်အတွက်ခိုင်မာအောင် ကိုယ်ဝါသနာပါတဲ့၊ စိတ်ဝင်စားတဲ့ ပညာတစ်ခုခုကို ဇွဲသတ္တိ အချိန်ပေး၍ကြိုးစားကြပါလို့။ (Thaung Sein)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page