(၉) တန်းအောင်ရုံနဲ့ သူနာပြုအကူ သင်တန်းတက်ခွင့်ရမယ့်လို့ စကစ ထုတ်ပြန်
စကစရဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီး များနှင့် တိုင်းဒေသကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနရှိ ဆေးရုံကြီးများတွင် အကူသူနာပြု (ပြင်ပ) (၉)လ သင်တန်းကို ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
တက်ရောက်လိုသူများအနေဖြင့် ပညာအရည်အချင်းအား နဝမတန်း(၉ တန်း) အောင်မြင်ရမည်ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် အသက် ၂၅ နှစ်ထက်မကျော်လွန်သူဖြစ်ရမည်ဟု ရေးသားဖော်ပြထားပါတယ်။
“သူနာပြုအကူက အရင်က ၁၀ တန်းအောင်မှ တက်ခွင့်ရတာ။ ဒါတောင် ဝင်ခွင့်စာမေးပွဲ ဖြေရတယ် ဝင်ခွင့်အောင် နှုတ်မေးနှုတ်ဖြေစစ်သေးတယ်။အဲဒီအဆင့်အောင်မှ ဆရာဝန်ကိုယ်တိုင် ဆေးစစ်တာ။ စာတွေ့ ၆လ ပြီးရင် လက်တွေ့၆လ။ အခုက စာတွေ့ပဲ လက်တွေ့မပါဘူး တို့တုန်းက အကုန်တက်ခဲ့ရတယ် ဘာသာရပ် ၅ဘာသာ သင်ရတာ။ အောင်ရင်ရွှေရောင်တံဆိပ်နဲ့ အောင်လက်မှတ်ထုတ်ပေးတယ် အဲဒီလက်မှတ် စင်ကာပူထိ သွားအလုပ်လုပ်ရတယ် အကူသူနာပြုတွေက အခုက နာတာရှည်ကို ဆေးတိုက်တဲ့အဆင့်ပဲရှိတာလေ” ဟု အကူသူနာပြုသင်တန်း တက်ရောက်ခဲ့ဖူးသည့် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
(၉)လ သင်တန်းပြီးဆုံးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး(၂)နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မလိုက်နာပါက ဒဏ်ငွေ ၅သိန်းတိတိပေးလျော်ရမယ်လို့ ကြေညာချက်မှာ ပါပါတယ်။ ယခင်က အကူသူနာပြုသင်တန်းအား တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှသာ တက်ရောက်ခွင့်ရှိသော်လည်း စကစကမူ နဝမတန်း(၉ တန်း) အောင် အဖြစ် လျော့ချသတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။
စကစအနေဖြင့် အကူသူနာပြုသင်တန်း ဝင်ခွင့် ပညာအရည်အချင်းအား လျော့ချသတ်မှတ်ခြင်းမှာ စကစလက်အောက်မှာ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအင်အား နည်းပါးနေခြင်းကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့ခံ သတင်းစာဆရာတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။
စကစအနေနဲ့ သူတို့လက်အောက်မှာ တာဝန်ထမ်းဆောင်မယ့်သူ မရှိတာကြောင့် သတ်မှတ်အရည်အချင်းထက် နိမ့်တဲ့သူတွေကို ဝန်ထမ်းတွေအဖြစ် သတ်မှတ်ခေါ်ယူလေ့ ရှိပါတယ်။ ပညာရေးတက္ကသိုလ် မတက်ခဲ့ရတဲ့ ရိုးရိုးဘွဲ့ရတွေကို ဆွဲခန့် ဆရာမအဖြစ် လည်းကောင်း၊ အထူးကုဆရာဝန်ဘွဲ့ စာမေးပွဲ မအောင်တဲ့သူတွေကို အအောင်ပေးခြင်းဖြင့် လည်းကောင်း အရည်အချင်း မပြည့်မီတဲ့ သူတွေကို ရာထူးများ ပေးလေ့ ရှိပါတယ်။
ယခုတခါမှာလည်း သူနာပြုအကူ သင်တန်းတွေကို (၉) တန်းအောင်သူများကို တက်ရောက်ခွင့် ပြုခဲ့တာကြောင့် မြန်မာပြည် သူနာပြုလောကအတွက် ရင်လေးစရာ ဖြစ်တယ်လို့ ဝါရင့်သူနာပြုတဦးက ပြောပါတယ်။