ဒေါ်လာဈေးတက်တာ ငါတို့နဲ့ ဘာဆိုင်လဲဆိုတဲ့ လူတွေ ဖတ်ဖို့ အတွေးအမြင် အပိုင်းအစများ

အဲဒီလိုမြင်ကြတဲ့ လူရှင်ရဟန်းတွေကလည်း သီးသန့်ကို ရှိတယ်။ဒေါ်လာဈေးတက်တာက ငါတို့နဲ့ မဆိုင်ပေမယ့် မြန်မာငွေဈေးကျတာကတော့ ငါတို့နဲ့ ဆိုင်တယ်လေ။ဘယ်လိုဆိုင်သလဲ

ဥပမာ အရင်က လက်ဖက်ရည်တစ်ခွက် (၅၀၀) ဆိုပါစို့လက်ဖက်ရည်တစ်ခွက်မှာပါတဲ့ အချို, အဖန်, အဆိမ့်နဲ့ ဝမ်းပြည့်, ရင်ကယ်စေတဲ့ တန်ဖိုးဟာ ဘယ်တော့မဆို အလုံးအရပ် မပြောင်းဘူး။​ အရွယ်အစားမပြောင်းဘူး။ ဒါပေမယ့် ကိုယ့်အိတ်ထဲက ပိုက်ဆံကတော့ အရွယ်အစားနဲ့ တန်ကြေးက ပြောင်းလဲနေတယ်။

အခု တချို့ဆိုင်တွေမှာ လက်ဖက်ရည်တစ်ခွက် (၆၀၀) (၈၀၀)ဖြစ်သွားပါတယ်ဆိုရင် လက်ဖက်ရည်ရဲ့ တန်ဖိုးမြင့်လာတာလား အရွယ်အစား ကွာသွားတာလား၊ အချိုးအစား ကြီးလာတာလားမဟုတ်ဘူး။ အိတ်ထဲက မြန်မာငွေကျပ် တန်ဖိုးကျုံ့သွားတာ။

ဥပမာ နောက်တစ်ခု။ ဘုန်းကြီးတစ်ပါးက စာအုပ်ထုတ်ချင်တယ်။အုပ် (၅၀၀) တန်ကြေးဟာ (၁၅) သိန်း ရှိခဲ့တယ်ဆိုပါစို့။ စာရွက်တို့, မှင်တို့, ပုံနှိပ်လုပ်အားတို့ဆိုတာ အချိုးအစား, အရွယ်အစား, တန်ဖိုး ပုံသေပဲ။ အခု အုပ် (၅၀၀) တန်ကြေးဟာ (၁၅) သိန်းနဲ့မရတော့ပါဘူးဆိုရင် စာရွက်တို့, မှင်တို့, ပုံနှိပ်လုပ်အားတို့ရဲ့ အချိုးအစား, လူ, ပစ္စည်းတို့ရဲ့ တန်ကြေးတက်လာတာလား၊ မဟုတ်ဘူး။ ဒီလူတွေ, ဒီစာရွက်တွေ, ဒီမှင်တွေပဲ။
နည်းပညာလည်း ပိုမြင့်မလာဘူး။ ဒါပေမယ့် အိတ်ထဲက ငွေကြေးတန်ဖိုးကကျသွားတာ။

ဆိုပါစို့။ ကျောင်းတစ်ဆောင် ဆောက်ဖို့ ငွေ (၇၀၀) အပ်ထားခဲ့တယ်။ ဘိလပ်ဈေး, သံဈေး, သွပ်ဈေး, အုတ်, ထုံး, သဲ, ကျောက်ဈေးတွေဟာ ဘယ်သောအခါမှ သူတို့ရဲ့ (ငွေမဟုတ်တဲ့) တန်ဖိုးကိုပြင်မှာမဟုတ်ဘူး။ သံကလည်း သံရဲ့ မာကြောခြင်းကို လုပ်မှာ။ သွပ်ကလည်း သွပ်ရဲ့ မိုးလုံမှုကိစ္စကို ပြီးစေမှာ။ သဲကလည်း သဲနဲ့ဆိုင်တဲ့ လုပ်ငန်းကို တာဝန်ယူတာ။ သူ့တန်ဖိုးနဲ့ သူ့စွမ်းရည်ဟာ ဘယ်တော့မှ အပြောင်းအလဲ မရှိဘူး။

ဒါပေမယ့် သိန်း (၇၀၀) ကတော့ ငြိမ်မနေဘူး။သံကို ပြည်ပကနေ တင်သွင်းရတယ်။ ဒီသံဟာဒီသံပဲဆိုပါစို့။ဒါပေမယ့် မြန်မာငွေက တစ်ဒေါ်လာကို (၁၀၀) ကျပ်ပဲ ကျသွားတယ်ဆိုဦး။​သိန်း (၇၀၀) ကို ဒေါ်လာပြောင်းတဲ့အချိန်မှာ ငွေတချို့ ပျောက်သွားတယ်။

သံတန်ဖိုး မလျော့ဘူး။ သွပ်တန်ဖိုး မလျော့ဘူး။ စွမ်းရည် မလျော့ဘူး။သိန်း (၇၀၀)ကလျော့သွားတာ။ဒေါ်လာဈေး (၁၄၀၀) တုန်းက သိန်း (၇၀၀) နဲ့ နိုင်ငံခြားကနေ သံ, သွပ်-စသည်နဲ့ ကျောင်းတစ်ဆောင် ပြီးခဲ့တယ်ဆိုပါစို့။ဒေါ်လာဈေး (၂၅၀၀) အကျော်မှာ သိန်း (၇၀၀) ဟာ ဘာဖြစ်သွားမလဲ။ ကျောင်းတစ်ဆောင် ပြီးနိုင်သလားမပြီးနိုင်ဘူးလား။ ကျောင်းတစ်ဆောင် မပြီးနိုင်ဘူးဆိုရင် မြန်မာငွေ ဘယ်လောက် ထပ်ပြီး လိုအပ်မလဲ။

ပြောခဲ့တဲ့ လက်ဖက်ရည် စာအုပ်ဖိုး သံ, သွပ်-စသည်ရဲ့ ငွေကြးမဟုတ်တဲ့ မူလတန်ဖိုးကို ရွှေသမားက ထိန်းထားနိုင်တယ်။ မြန်မာကျပ်ငွေသမားက ထိန်းမထားနိုင်ဘူး။ ဒေါ်လာသမားက ထိန်းထားနိုင်တယ်။ မြန်မာကျပ်ငွေသမားက ထိန်းမထားနိုင်ဘူး။

ဥပမာ- လက်ဖက်ရည်တစ်ခွက် (၅၀၀) ဖြစ်ခဲ့တယ်။ တစ်နှစ်စာ လက်ဖက်ရည်ဖိုး (၁၈၂,၀၀၀)။ အဲဒီငွေကို တစ်နှစ်စာ မြန်မာငွေနဲ့ သိမ်းထားခဲ့တယ်ဆိုပါစို့။လက်ဖက်ရည်တစ်ခွက် (၆၀၀)ဖြစ်သွားတဲ့အချိန်(၂၁၉၀၀၀) ဖြစ်သွားမယ်။ ငွေ (၃၇၀၀၀) ပျောက်သွားတယ်။(၂) လစာဖိုးလောက် ပြဿနာတက်သွားမယ်။ လက်ဖက်ရည်ဖိုးဆိုရင်နည်းနည်းပေါ့ဆနေဦမယ်။ထမင်းဘိုးလို့ တွက်ကြည့်။(၂) လစာကို ဘယ်လိုစားမလဲ။

နောက်တစ်ခု ဥပမာပြောမယ်။ တစ်ရက်ကို (၅၀၀၀) ကျပ် လုပ်အားခရတဲ့ ဆောက်လုပ်ရေး လုပ်သားတစ်ဦး။ဆီဖိုးကို တစ်ရက် (၁၀၀၀) ထည့်ခဲ့တယ်ဆိုပါစို့။ကျန်တဲ့ငွေဟာ စားငွေ, သုံးငွေ, လှူငွေ။ဆီဈေးက တက်သွားတယ်။ဒေါ်လာဈေးတက်တယ်ပြောပေါ့။ ဆီဖိုးဟာ တစ်ရက်စာ (၁၀၀၀) မကတော့ဘူး။ ဆီဖိုးဘက်မှာ (၁၀၀၀) ထက် ပိုသုံးရရင် ဘယ်ဘက်မှာ ငွေလျော့မလဲ။

ဆိုရင်… “ဒေါ်လာဈေး တက်တာ ငါတို့နဲ့ ဘာဆိုင်သလဲ”မေး။ဒေါ်လာဈေး တက်တာ ငါတို့နဲ့ မဆိုင်ဘူး။မှန်ချင် မှန်မယ်။ မြန်မာငွေဈေးကျတာကျတော့ ငါတို့နဲ့ မဆိုင်ဘူး ပြောရခက်သွားပြီ။ အဲဒါကို ပညာရေးလို့ ခေါ်မလား အသိဉာဏ်လို့ ခေါ်မလား ဗဟုသုတလို့ ခေါ်မလား ခေါ်ချင်ရာ ခေါ်, အဲဒါဟာလည်း မူလတန်ဖိုးပဲ။ Uvi Mala

Leave a Reply

Your email address will not be published.

x

You cannot copy content of this page