ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းထောင်အတွင်း လက်ရှိကျန်းမာရေး အခြေအနေ (လုပ်ရက်ကြတယ်ဗျာ)
အသက် ၇၈ နှစ်အရွယ်ရှိနေပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးခုန်နှုန်းသည် အတက်အကျ ကြမ်းလာသည့်အတွက် စက်တင်ဘာလဆန်းက ဆေးစစ်မှု ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ သူမရဲ့ နှလုံးခုန်နှုန်းဟာ ၉၀ နှင့်အထက် ရှိနေသည့်အတွက် စစ်ဆေးမှုပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်က ထိုကဲ့သို့ နှလုံးခုန် မမှန်သည့် ဖြစ်စဉ်မျိုး မရှိခဲ့ပါဘူး။ အာဏာမသိမ်းခင်အထိ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး အထူးသဖြင့် သူမ၏ ခန္ဓာကိုယ် အတွင်းရှိ သက်စောင့်အင်္ဂါကြီးများဖြစ်သော အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့်အသည်းတို့တွင် မည်သည့်ချို့ယွင်းမှုမှ မရှိခဲ့ဘူးလို့ သိရပါတယ်။
အကျဉ်းထောင်ဘက်မှ ပြင်ဆင်ပေးသည့် အစားအသောက်များကလည်း အဆင်မပြေသဖြင့် ပေါင်မုန့်၊ နွားနို့နှင့် အန်ရှူးဝါးကဲ့သို့သော ဖြည့်စွက်စာများကို အားကိုးနေရတယ်လို့ သိရပါတယ်။ ထိုသို့ အစားအသောက် အဝင်နည်းလာသဖြင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိလာခြင်း ဖြစ်ပါတယ်။
ထို့ပြင် ထောင်တွင်းမှာ သုံးရသည့် ရေမသန့်ခြင်းနှင့် ခြင်ကိုက်ခြင်း ပိုးမွှားကိုက်ခြင်းတို့ကြောင့် ခန္ဓာကိုယ် အချို့နေရာတွင် ယားနာအဖုများပေါက်လာပြီး အချို့ယားနာဖုများသည် အနာရင်းသည်အထိ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
စကစက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက မတရားဖမ်းဆီး ချုပ်နှောင်ထားခဲ့ပြီး အစပိုင်းတွင် အကျဉ်းချထားရာ နေရာကို လုံးဝ မဖော်ပြခဲ့ဘဲ နောက်ပိုင်းကျမှသာ နေပြည်တော် အကျဉ်းထောင်သို့ ပြောင်းရွှေ့ကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။