စက်သုံးဆီဈေး တရက်တည်း ၁၅ ရာခိုင်နှုန်းတက် (တနိုင်ငံလုံးတွင် ဆီပြတ်လပ်နေ)

ယနေ့ ၁၁-၈-၂၀၂၂ ရက်နေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ၁၅ ရာခိုင်နှုန်းခန့် ခုန်တက်သွားတယ်လို့ သိရပါတယ်။ ၁၀-၈-၂၀၂၂ ရက်နေ့က အောက်တိန်း ၉၂ တလီတာ ၁၈၆၀ ကနေ ယနေ့မှာတော့ ၂၁၆၀ အထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီပြတ်လပ်မှုများ ရှိနေသဖြင့် တပိုင်တနိုင် အရောင်းဆိုင်တချို့ ပိတ်ထားရကြောင်း သိရပါတယ်။ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများက ဆီလိုသလောက် မရောင်းပေးနိုင်သဖြင့် တဆင့်ခံ ဝယ်ယူရောင်းချ သည့်ဆိုင်များ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင်လည်း ယခုရက်ပိုင်းအတွင်း ဆီအမျိုးအစား စုံလင်စွာမရတော့ဘဲ ပြတ်လပ်မှုများ ပြန်လည်ဖြစ်ပေါ်နေသည်ဟု စျေးကွက်လေ့လာသူများထံက သိရပါတယ်။ အဆိုပါစက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများက ဆီတင်သွင်းမှု လျှော့ချလိုက်၍ ယခုကဲ့သို့ အခက်အခဲများ ရှိလာခြင်း ဖြစ်နိုင်တယ်လို့ စက်သုံးဆီဈေးကွက်အတွင်းမှ သူတဦးက ပြောပါတယ်။

စက်သုံးဆီ ဈေးမြင့်တက်လာပါက ကုန်စည်စီးဆင်းမှုမှာ ကုန်ကျစရိတ်ပိုမိုများပြားလာပြီး ကုန်ဈေးနှုန်းများ အဆမတန် တက်လာမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း စကစရဲ့ ဒေါ်လာထိန်းချုပ်မှု မူဝါဒကြောင့် အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ပိုမိုကျပ်တည်းလာမှာ ဖြစ်ပါတယ်။

လျော့ကျလာတဲ့ ဝင်ငွေတွေနဲ့ အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် တနိုင်ငံလုံးရှိ ပြည်သူတွေအနေနဲ့ သုံးစွဲနိုင်မှုတွေ လျော့ကျလျက် ရှိတာကြောင့် မြန်မာ့စီးပွားရေးအနေနဲ့ နလံမထူနိုင်တဲ့ အခြေအနေ ရောက်ရှိနေပါတယ်။ ယခုလို အခြေအနေကနေ စီးပွားရေး လုံးဝ ပြိုလဲသွားမယ့် အခြေအနေ ရောက်ရှိနိုင်တယ်လို့ ပညာရှင်များက ခန့်မှန်းနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page