နိုင်ငံခြားက ဆယ်တန်းအဆင့်ကိုတောင် လိုက်မမီနိုင်တဲ့ မြန်မာ့ပညာရေးစနစ်က ဘွဲ့ရများ

(ရေးသားသူ – ဒေါက်တာ သူရိန်လှိုင်ဝင်း) ဒီနေ့ တူမရဲ့ IGCSE ဖတ်စာအုပ်တွေယူဖတ်ကြည့်မိတယ်။ IGCSE ဆိုတာက International General Certificate of Secondary Education ပါ။ အသက် ၁၄နှစ်ကနေ ၁၆ နှစ်အတွင်းကလေးတွေအတွက်ပေါ့။ အဲဒီအမှတ်ရလဒ်ပေါ်မူတည်ပြီး တက္ကသိုလ်ဝင်ခွင့်ဆုံးဖြတ်တာဆိုတော့ ဒီမှာနဲ့ချိန်ကြည့်ရင် တက္ကသိုလ်ဝင်တန်းပေါ့။

သူတို့ဆီက ပညာရေးက ကောင်းမှန်းတော့သိတယ်ဗျာ။ ပိုတော်မယ်ဆိုတာလည်းသိပါတယ်။ ဒါပေမယ့်ဗျာ အင်္ဂလိပ်စာကျွမ်းကျင်မှုအခြေအနေကိုထားဦး၊ အခြေခံပညာအဆင့် တက္ကသိုလ်ဝင်တန်းလောက်ရဲ့ ဖတ်စာက ကျနော်ပြောရဲတယ်၊ သာမန်ဗဟုသုတအဆင့်အတန်းလောက်ပဲရှိတဲ့ ဒီကဘွဲ့ရတစ်ယောက် လိုက်မမီနိုင်လောက်အောင် မြင့်တယ်ဆိုတာကို။

သူတို့ရဲ့ ရူပပေဒဖတ်စာက Definition တွေ အလွတ်ကျက်တာမပါဘူး၊ စကြာဝဠာအကြောင်းတွေ၊ ကြယ်စင်စုတွေအကြောင်းတွေ၊ ကြယ်နဲ့ဂြိုလ်အကြောင်းတွေ၊ လျှပ်စစ်နဲ့ရေဒီယိုသတ္တိကြွအကြောင်း၊ ကမ္ဘာကြီးရဲ့ဖွဲ့စည်းပုံနဲ့ ရူပဗေဒသဘောတရားနဲ့ ဆက်စပ်မှုတွေကို ရှင်းပြတယ်။

ဇီဝဗေဒဘာသာရပ်က ဒီက ဆေးကျောင်းရောက်မှသင်တဲ့စာတွေဖြစ်တဲ့ လူ့ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံတွေ၊ ဆင့်ကဲဖြစ်စဉ်နဲ့ ပြောင်းလဲလာမှုတွေ၊ ချားလ်စ်ဒါဝင်သီအိုရီတွေ၊ ရွေးချယ်မျိုးပွားခြင်း (Selective breeding) တွေအကြောင်းတွေရှင်းပြတယ်၊ ဓာတုဗေဒဆိုလည်း အသုံးချလေ့လာချက်တွေအကြောင်းတွေသင်တယ်။ သင်္ချာကိုတော့ ဖတ်ကြည့်လည်း နားမလည်နိုင်လောက်ဘူးထင်လို့ မဖတ်ကြည့်မိဘူး။

သူ့ဖတ်စာအုပ်တွေဖတ်ကြည့်ရင်း ဘာကိုဝမ်းနည်းမှန်းမသိ ဝမ်းနည်းမိတယ်။ ကျနော်တို့သာ နိုင်ငံခြားသားတွေနဲ့လည် ငါတို့ယှဉ်နိုင်ပါတယ်ဘာညာလုပ်နေတာ၊ ငယ်ငယ်ကတည်းက သင်ကြားကြီးပြင်းလာတဲ့အသိပညာအတတ်ပညာတွေက တအားကိုကွာသွားပြီ။

အဲဒီလိုပညာရေးနဲ့ကြီးပြင်းလာကြသူတွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုတာ သူတို့ထက်အဆပေါင်းများစွာ သာလွန်တဲ့ကြိုးစားအားထုတ်မှုနဲ့ ဉာဏ်ရည်မရှိနိုင်ဘဲ မရနိုင်တော့ဘူး။ သူတို့ရဲ့သာမန်အဆင့်ဆိုတာ ဒီက တော်ပါတယ်ဆိုတဲ့သူလောက်ဖြစ်နေပြီ။ ငါသာဒီလိုပညာရေးမျိုးတွေနဲ့ ကြီးပြင်းခွင့်ရခဲ့ရင်ဆိုတဲ့အတွေးက တော်တော်နှိပ်စက်တယ်။

ငါတို့တုန်းက အခွင့်ရေးမရှိခဲ့ဘူး။ နောက်ထပ်မျိုးဆက်ကိုတော့ ပိုကောင်းတဲ့အခွင့်အရေးမျိုးနဲ့ ကြုံတွေ့ရစေချင်တယ်။ အခုတောင် ကမ္ဘာက လုံးတယ်၊ စကြာဝဠာ တကယ်ရှိပါတယ်ဆိုတာကိုမယုံနိုင်ကြသေးတဲ့ လူကြီးတွေအများကြီးရှိသေးတယ်။ အာကာသပြိုင်ပွဲခေတ်မှာ ကျောက်ခတ်မှာကျန်ခဲ့တဲ့မျိုးဆက် ထပ်မဖြစ်စေချင်တော့ဘူး။ အတွေးအခေါ်တွေ၊ ခံယူချက်တွေ၊ ဗဟုသုတတွေ အကုန်လုံးပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page