ပုဂံရှေးဟောင်းနယ်မြေကနေ လူမသိသူမသိ ပျောက်ကွယ်သွားရတော့မယ့် ထူးဆန်းတဲ့ နေရာတခု

ဒီနေရာလေး ဆုံးရှုံးသွားမှာကြောက်နေရပါပြီ။ ပုဂံညောင်ဦး မြို့အထွက် မန္တလေးသွား ကားလမ်းပေါ်မှာပါ။ ကျောက်ခေတ်ဦး လူသားတွေနေထိုင်သွားခဲ့တဲ့ အညာသားယဉ်ကျေးမှု (Anyathiyon Culture) ထွန်းကားခဲ့တဲ့နေရာလေးပါ။ ဒီယဉ်ကျေးမှုက လွန်ခဲ့တဲ့ အနှစ်တစ်သန်းက စတယ်ပြောပါတယ်။ ဟိုမိုအီရက်တစ် (Homoerectus) ခေါ် မတ်ရပ် လူသားတွေနေခဲ့ကြတာပါ။

သမိုင်းဦးကျောက်ခေတ် ကာလကို ကျောက်ခေတ်ဟောင်း (palaeolithic) ကျောက်ခေတ်လယ် (mesolithic) နဲ့ ကျောက်ခေတ်သစ် (Neolithic) လို့ ခွဲကြပါတယ်။ ဒီနေရာမှာ ကျောက်ခေတ်ဟောင်းနဲ့ကျောက်ခေတ်သစ် လက်နက်ကိရိယာတွေ တွေ့ခဲ့ကြတာပါ။

၁၉၃၇-၃၈ ခုနှစ်မှာ အမေရိကန်ဘူမိပညာရှင် ဒေါက်တာ အိပ်ချ်ဒီ တာရာနဲ့ ဒေါက်တာ အိပ်ချအိုင် မူဗီးယပ်စ်တို့က ကွင်းဆင်းဖော်ထုတ်ခဲ့ကြတာပါ။ ရှေးဦးလူသားတွေနေထိုင်ကြောင်း တွေ့ရှိထားတဲ့ အိန္ဒိယ၊ တရုတ်၊ ဂျာဗား တို့ကြားက မြန်မာ မှာလည်းရှိနိုင်တယ်အတွေးနဲ့ပါ။ တကယ်လည်းကျောက်ခေတ်သုံးကိရိယာတွေ တွေ့ခဲ့ကြပါတယ်။

ဒီနေရာနဲ့ တဆက်တစပ်တည်း ဧရာဝတီမြစ်ကမ်း နတ်သမီးကမ်းပါးကလည်း ကျောက်ခေတ် ကိရိယာ (၁၀၀) ခန့်ရရှိပါတယ်။ ပုဂံ စဉ့်ကူကြားမှာလည်း ကျောက်ခေတ်ကိရိယာ (၅၂) ခု.တွေ့ရပါတယ်။ ဒါဆိုတော့ ပုဂံညောင်ဦးဟာ မြန်မာ့ကျောက်ခေတ်လေ့လာရေး အရေးကြီးနေရာတစ်ခုဖြစ်ကြောင်းပေါ်လွင်ပါတယ်။

အခု ဆိုင်းပုဒ်လေးကို ပုဂံအမွေအနှစ်စောင့်ရှောက်ရေး အဖွဲ့က စိုက်ထူထားတာပါ။ ဒီနေရာမှာ ပြောစရာရှိတာက ဆိုင်းပုဒ်ကုန်ကျစရိတ်ကို tourism Bagan zone fees ကျခံပေးဖို့တင်ပြပေမယ့် ငြင်းပယ်ပါတယ်။ အဲ့နောက်အသင်းက စိုက်ထူပြီး ယဉ်ကျေးမှူဝန်ကြီးဋ္ဌာနမှာကျောက်ခေတ်လူနေ ဧရိယာအဖြစ် လျှောက်ထားထားပါတယ်။

အမေရိကန်ပညာရှင်တွေ ကွင်းဆင်းခဲ့တဲ့နေရာတွေကို ၂၀၀၈ မှာ ထပ်မံရှာဖွေရာ ကျောက်ခေတ်အထောက်အထားတွေ ထပ်မံတွေ့ရတယ်လို့ ဆရာဦးဝင်ကြိုင် စာတမ်းတခုမှာတွေ့ရပါတယ်။ အခုတွေ့နေရတဲ့ စိန်ခေါ်မှုကတော့ လူနေအိမ်ခြေ တိုးချဲ့မှုတွေနဲ့ စည်ပင်အမှိူက်ပုံကြီးပေါ့။ ခဏခဏမီးလောင်တဲ့ အမှိုက်ပုံကြီးပါ။ မျက်နှာချင်းဆိုင်မှာတော့ ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ယောက်ရသွားပါပြီ။ လျှောက်ထားတဲ့ ဧရိယါလေးတောင် ပါသွားပါသေးတယ်။

ဒီနေရာမယ် ကျွန်တော်တို့ ရဲ့ ဘိုးဘေးတွေ ကျောက်ခေတ်မြန်မာလူသားတွေရဲ့ ရုပ်ကြွင်းတွေ၊ ဦးခေါင်းခွံတွေ၊ သွားတွေ၊ ပေါင်ရိုးတွေ ရှာရပါအုံးမယ်။ ပြီးရင် ပြတိုက် (site museum) တစ်ခု ဖန်တီး ငွေရှာရပါအုံးမယ်။ ပုဂံဒေသနဲ့ နိုင်ငံအတွက် အကျိုးများစေပါလိမ့်မယ်။ သူတို့တွေ့ခဲ့တာတွေ စာတမ်းရေးခဲ့တာ ပုဂံရှေးသုမှာ ရှိတယ်လို့ ဆရာမင်ဘူးအောင်ကြိုင် ပြောဘူးပါတယ်။ ကျွန်တော်တို့ ဒီနေရာကို ထိမ်းကိုထိမ်းရပါမယ်။ (Heritage TRUST Team- Bagan)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page