တောင်သူလည်း ရှုံး၊ ပြည်သူတွေလည်း ဈေးကြီးပေးဝယ်နေရတဲ့ တိုင်ပတ် မြန်မာ့ကြက်သွန်နီဈေးကွက်

ပွဲရုံအထိုင်ဈေးမှာတင် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၃၀၀၀ နီးပါးဈေးတက်လာပေမယ့် တောင်သူတွေအနေနဲ့ အရင်နှစ်က အရှုံးပေါ်ခဲ့မှုတွေနဲ့ စိုက်ပျိုးစရိတ်ကြီးမြင့်လာမှုတွေကြောင့် အမြတ်အစွန်းရရှိမှုမရှိသေးဘူးလို့ ကြက်သွန်နီစိုက်တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်က နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ကိုဗစ်ရောဂါအခြေအနေတွေကြောင့် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၃၀၀ လောက်နဲ့သာ ရောင်းချခဲ့ရပြီး တောင်သူနဲ့ကုန်သည်တွေအရှုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဈေးကောင်းလာတဲ့အနေအထားမှာ လှောင်လက်တွေကတော့ထုတ်ရောင်းကြမှာပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းက ကြက်သွန်နီအဟောင်းဆို တစ်ပိဿာကို ၁၀၀ ကျပ်လောက်ပဲရပြီး အရှုံးကြီးကြီးနဲ့ရင်ဆိုင်ခဲ့ရတော့ အခု ကြက်သွန်နီဈေးက တက်လာတယ်ဆိုပေမယ့် အမြတ်အစွန်းကမရဘူး။ စိုက်ပျိုးရေးသွင်းအားစု စရိတ်ကလည်း တက်လာတော့ ဆက်လည်ပတ်နိုင်မယ့် အရင်းအနှီးတစ်ခု ပြန်ရတာမျိုးပါ။ ဒါပေမယ့် အခုကြက်သွန်နီ တစ်ပိဿာ ၃၀၀၀ လောက်ဆိုတာက ၃ နှစ်မှာ တစ်ကြိမ်လောက် ဖြစ်တောင့်ဖြစ်ခဲဈေးပါ”လို့ တောင်သူတစ်ဦးကပြောပါတယ်။

ယနေ့ သြဂုတ် ၂၂ ရက် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာဆိုရင် မုံရွာကြက်သွန်နီတစ်ပိဿာကို ကျပ် ၂၃၀၀ ကနေ ၂၉၀၀ ကြား၊ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာကို ကျပ် ၂၁၅၀ ကနေ ၂၈၀၀ ကြားပေါက်ဈေးရှိနေပြီး လက်လီဈေးကွက်မှာ အမျိုးအစားကောင်းတဲ့ ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၃၅၀၀ ကနေ ၃၈၀၀ကြားနဲ့ အရည်အသွေးနိမ့် အမျိုးအစား ကြက်သွန်နီ တစ်ပိဿာကို ၁၅၀၀ ကနေ ၂၈၀၀ ကြားဈေးရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းကြက်သွန်နီဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်ပတင်ပို့မယ်ဆိုရင် ပြည်ပကပေးတဲ့ဈေးနဲ့ တွက်ချေမကိုက်တဲ့အတွက်ကြောင့် ပြည်ပတင်ပို့မှုနည်းလာပြီး ကြက်သွန်နီကို ဝယ်ယူသိုလှောင်ကာ ဈေးကောင်းရရှိအောင် စောင့်ဆိုင်းနေတဲ့ တောင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိကြက်သွန်နီလို အခြေခံစားသောက်ကုန်တွေဈေးနှုန်းမြင့်တက်လာမှုကြောင့် အခြေခံလူတန်းစားပြည်သူတွေမှာလည်း အရည်အသွေးနိမ့် ကြက်သွန်နီတွေသာ ဝယ်ယူစားသုံးသူများလာတယ်လို့ ကုန်ခြောက်ဆိုင်တွေဆီကနေ သိရပါတယ်။

လက်ရှိအချိန်မှာ ဆန်နဲ့ ဆီ ကဲ့သို့ အခြေခံ စားသောက်ကုန်များ ဈေး အဆမတန် တက်လာတဲ့အချိန်မှာ မီးဖိုချောင် မရှိမဖြစ် ပစ္စည်းဖြစ်တဲ့ ကြက်သွန်နဲ့ ငရုတ်သီးတို့ပါ တရှိန်ထိုး မြင့်တက်လာတဲ့အတွက် အခြေခံလူတန်းစားတွေ အနေနဲ့ ကျပ်တည်း ခက်ခဲတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ တောင်သူများ အနေနဲ့ကလည်း စိုက်ပျိုးစရိတ် မြင့်တက်လာမှုကြောင့် အရင်းပင် မရရှိဘဲ လုပ်အား ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page