လေထဲက ဖော်ရှိုး ရုရှားဓာတ်ဆီနဲ့ အလကား ပေးရင်တောင် သယ်ယူစရိတ် မကာမိတဲ့ အကြောင်းရင်း
လောင်စာဆီကို ရုရှားကနေ တိုက်ရိုက်သွင်းလို့ စင်ကာပူကနေ သွင်းတာထက် ၁တန်ကို ဒေါ်လာ ၃၅၀ လောက် သက်သာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ လက်ရှိမှာ ရုရှား ဆီဈေးက တော်တော်သက်သာတာ အမှန်ပဲ။ လက်လီ ၁လီတာမှ ၈၅ ဆင့် လောက်ပဲ ရှိတယ်။ လက်ကားဈေးဆို ပိုသက်သာနိုင်တာတော့ မှန်တယ်။ ဒါပေမယ့် ပို့ရမယ့် ခရီးကို ကြည့်၊ ပိုကုန်ကျလာမယ့် သယ်ယူပို့ဆောင်ရေး စရိတ် (Transportation cost) က နည်းတာ မဟုတ်ဘူး။
ရုရှားကနေ ဆီပို့ဖို့က ရေလမ်းတခုပဲ ရှိတယ်။ ကုန်းလမ်းကပို့လို့ ဘယ်လိုမှ မရဘူး။ အဲဒီလိုပို့တာကလည်း လောင်စာဆီကို Tanker နဲ့ တိုက်ရိုက်ပို့ရမှာ၊ ပိုတွက်ခြေကိုက်တဲ့ ရေနံကို ပို့ပြီး ပြန်ချက်တာမျိုး မရဘူး။ ဒီက ရေနံချက်စက်ရုံတွေက ချက်နိုင်စွမ်း မရှိလို့။
ဒါကြောင့် တွက်ခြေကိုက်အောင် တခေါက်တည်းနဲ့ တန်ချိန် အများကြီးတင်နိုင်တဲ့ VLCC တို့ ULCC တို့လို ရေနံတင်သင်္ဘောကြီးတွေနဲ့ ပို့လို့ မရဘူး (ရေနံချက်နိုင်စွမ်းရှိရင်တောင် အဲဒါကြီးတွေ ကပ်လို့ရတဲ့ ဆိပ်ကမ်းက မရှိပြန်ဘူး)
ဒီတော့ ရိုးရိုးဆီတင်တဲ့ tanker အသေးတွေနဲ့ပဲ ပို့ရမှာ အဲဒါဆိုရင် စင်ကာပူနဲ့ ရန်ကုန်က ပုံမှန်ဆို ၅ရက် ဝန်းကျင်ကြာတယ်။ ရုရှားကနေ ပို့ဖို့ကျတော့ အရှေ့ဖျား ပစိဖိတ်ဆိပ်ကမ်းကနေ စင်ကာပူကို ဖြတ်ပြီး ရန်ကုန်ကို ပို့တာရယ်၊ ပင်လယ်နက်ကနေ မြေထဲပင်လယ်ကို ဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာကနေ ရန်ကုန်ကို ပို့တဲ့လမ်းရယ် ရှိတယ်။
ဒီလမ်းနှစ်ကြောင်းမှာ အရှေ့ဘက်လမ်းကပဲ ပို အဆင်ပြေတယ်။ မြေထဲပင်လယ်လမ်းက အများကြီး ပိုရှည်တယ်။ ဒီတော့ အရှေ့ဘက်ကမ်းခြေ ဗလာဒီဗော့စတော့ ဆိပ်ကမ်းကပို့ရင်တောင် စင်ကာပူအထိ ၁၅ ရက်လောက်ကြာတယ်။ ရေမိုင် ၄၀၀၀ ကျော်တာကိုး။ အဲဒီစရိတ်ကတင် မနည်းလှဘူး။
သာမန် တန်ချိန် သောင်းဂဏန်းလောက် tanker တွေဆို ပင်လယ်ပြင် သွားစရိတ်က ဆီဖိုးနဲ့ ဘာနဲ့ဆို ၁ရက်ကို ဒေါ်လာ ၃ သောင်း ဝန်းကျင်လောက် ရှိမယ်လို့ မှန်းရတယ်။ ၁၅ ရက်စာဆို မနည်းဘူး။ ရန်ကုန်အထိ စုစုပေါင်း ရက်၂၀ ဝန်းကျင်ဆို ပိုများမှာပေါ့။
ဒီတော့ ရုရှားက ဆီကို စင်ကာပူအထိ သယ်လာရမယ့်အတွက် ကုန်ရမယ့်စရိတ်က စင်ကာပူကနေ ရှိပြီးသားဆီကို ဝယ်ပြီး ရန်ကုန် ပို့ရမယ့် ဈေးထက် မသက်သာနိုင်ဘူး။ ပိုများဖို့ပဲ ရှိမယ်လို့ ယူဆရတာပဲ။ Tanker စရိတ် များရင် များသလို ပိုကုန်မှာပေါ့။ ၁ရက် ဒေါ်လာ ၃သောင်းလောက်ထက် နည်းရင်တော့ သက်သာကောင်း သက်သာနိုင်ပါရဲ့ (Harry Lwin)