နွေစပါး လက်ကျန်နည်းပြီး မိုးစပါး မပေါ်ခင် ဆန်ဈေးထပ်တက်မည် (တအိတ် တသိန်းကျော် ဖြစ်မည်)

မြန်မာပြည်မှာ နွေစပါးလက်ကျန်နည်းပြီး မိုးစပါးမပေါ်ခင် ကာလတွေဖြစ်တဲ့ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတွေမှာ နှစ်စဉ် ဆန်ဈေးနှုန်းတွေ မြင့်တက်လေ့ ရှိကြပါတယ်။

ယခုနှစ်မှာတော့ စိုက်ပျိုးစရိတ် သွင်းအားစုများ ဈေးနှုန်း မြင့်တက်လာခြင်း၊ စကစရဲ့ ဒေါ်လာပုံသေဈေးနှုန်းတွေကြောင့် ပြည်တွင်းဆန်ဈေးတွေဟာ မကြုံစဖူး ထူးကဲစွာ မြင့်တက်လျက်ရှိပါတယ်။

လက်ရှိအချိန်မှာ ဧရာဝတီတိုင်းအတွင်း စပါးတင်းတစ်ရာဈေးတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လကထက် ကျပ် ၁ သိန်းကျော်ဝန်းကျင် မြင့်တက်လာပြီး ရွှေဘိုပေါ်ဆန်းစပါးဈေးဟာ ဇွန်လကုန်ကထက် ကျပ် ၇ သိန်းဝန်းကျင် မြင့်တက်လာပါတယ်။ ဆန်ဈေးတွေကတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၉ သောင်းကျော်အထိ ရှိနေပြီး အခြားဆန်ဈေးတွေဟာလည်း ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။

ထိုသို့ ပြည်တွင်းဆန်လက်ကျန်နည်းတဲ့ ကာလတွေမှာ ဆန်ဈေးနှုန်းကို ထိန်းညှိနိုင်ဖို့အတွက် အရန်ဆန်စီမံကိန်းတစ်ခု ဆောင်ရွက်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။ အခုလိုကြားကာလတွေမှာ ဈေးနှုန်းအရမ်းမြင့်တက်မသွားစေဖို့ ပြည်တွင်းစားသုံးမှုအတွက် အရန်ဆန်ထားရှိရေး သက်ဆိုင်ရာဌာနတွေကိုတင်ပြပြီး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောပါတယ်။

မြန်မာပြည်သူများရဲ့ အခြေခံ စားသောက်ကုန် ဖြစ်တဲ့ ဆန်ကို ပြည်တွင်းမှာပဲ လုံလောက်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်ပေမယ့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ ဆန်ဈေးကလည်း လိုက်လံ မြင့်တက်လျက် ရှိပါတယ်။ စကစ အနေနဲ့ ဆန်ဈေးကို ထိန်းချုပ်နိုင်ဖို့ အမျိုးမျိုး ကြိုးစားလျက် ရှိပေမယ့် ယခုအချိန်ထိ ကျရှုံးလျက် ရှိနေပါသေးတယ်။ ဆန်လက်ကျန် နည်းပါးတဲ့ အချိန်မှာ ဆန်ဈေးနှုန်း ပိုမိုမြင့်တက်လာမှာလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page