ပိုက်ဆံ ရှိလာရင် ဘုရားတည်ချင်တဲ့ ရွှေမြန်မာတွေနဲ့ ကုသိုလ်ကို အရောင်းအဝယ်လို လုပ်ကြနေသူများ

မြန်မာတွေဟာ ပိုက်ဆံလေးရှိလာရင် ဘုရားတည်ကြတယ် ဘုရားတည်တာကို သာဓုဝိုင်းခေါ်ကြတယ် တို့နိုင်ငံတို့လူမျိုးအတွက်လိုအပ်နေတဲ့ ကျောင်းတို့ ဆေးရုံတို့ လူအိုရုံတို့ ဂေဟာတို့ဆောက်လှူဖို့ စိတ်မကူးကြဘူး ဘာလို့လဲဆိုတော့ ဘုရားတည်မှကုသိုလ်ရမယ်လို့ထင်နေလို့ပဲ။

ဘုန်းကြီးတော်တော်များများကလည်း ဘုရားတည်မယ့်အစား စာသင်ကျောင်းဆောက်ပါလား ဆေးရုံလှူပါလားလို့ မဟောဘူး “သူ့သဒ္ဓါနဲ့သူ သူကြိုက်တာလှူပါစေ” တဲ့ မြန်မာတွေဟာ ဘုန်းကြီးကိုပဲလှူမယ် လူတွေကိုမလှူဘူး ဆိုတဲ့အတွေးတွေရှိကြတယ် ဘုန်းကြီးကမြင့်မြတ်တယ် လူတွေကသူ့ဘဝနဲ့သူ မရှိရင်တောင်းစားကြ/ ရှာစားကြဆိုတဲ့အတွေးတွေများတယ်။

ဆွမ်းဟင်းတွေပုံနေတဲ့ကျောင်းတိုက်တွေကို ဆွမ်းတွေလောင်းကြတယ် သင်္ကန်းတွေပုံနေတဲ့ကျောင်းတွေကို သင်္ကန်းတွေကပ်ကြတယ် ဒါပေမယ့် နေ့စဉ်နဲ့အမျှတွေ့နေမြင်နေရတဲ့ ငတ်ပြတ်နေတဲ့လူတွေ အကူအညီလိုအပ်နေတဲ့လူတွေကို ( လျှာအရိုးမရှိတိုင်း ) ဘာအားစိုက်မှုမှမပါတဲ့ မေတ္တာပို့ကိုပဲ လူကြားကောင်းအောင်ထိုင်ပို့နေကြတယ်

တချို့ကျောင်းတွေကတော့ ပိုတဲ့ဆွမ်းတွေဆွမ်းဟင်းတွေကို မရှိဆင်းရဲသားတွေကိုဝေမျှလှူနေကြပေမယ့် တချို့ကျောင်းတွေကတော့ ပိုလျှံတဲ့ဆွမ်းတွေဟင်းတွေကို ကျောင်းကခွေးတွေသာစားရတယ်။

မြန်မာတွေဟာ လူတွေကို ကူညီဖို့သိပ်ကိုခဲယဉ်းကြတယ် ဘုရားကိုပဲလှူမယ် ဘုန်းကြီးကိုပဲလှူမယ်ဆိုတဲ့အစွဲတွေ သိပ်ကိုအားကြီးကြတယ် အဲလိုလှူရတာကိုပဲမှန်ကန်တယ်လို့ယူဆနေကြသူတွေလည်းများတယ်။

ငါတို့ကိုမလှူဘဲ လိုအပ်တဲ့နေရာကို လှူကြပါလို့ ပြောတဲ့/ဟောတဲ့ ဘုန်းကြီးလည်း သိပ်ကိုရှားတယ် ကျောင်းတွေလှူကြတယ် ကားတွေလှူကြတယ် ဘုရားတွေတည်ကြတယ် ဒါဆိုကုသိုလ်တွေအများကြီးရပြီး နောင်ဘဝကျရင် အဲဒီအကျိုးကို မုချခံစားရမယ်လို့ ယူဆကြတယ် (ငါ့ပိုက်ဆံနဲ့ငါလှူတာ ငါပြန်ရမယ့်ကိစ္စပဲလုပ်မယ်ဆိုတဲ့ မိမိပိုင်ငွေကြေးကို အသွင်ပြောင်းပြီး နောက်ဘဝထိသယ်ချင်ကြတဲ့ အတ္တစွဲတွေနဲ့ လှူကြတာများတယ်)

ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာမြင်နေတွေ့နေရတဲ့ အကူအညီလိုအပ်နေတဲ့လူတွေကိုကူညီဖို့ကိုတွန့်ဆုတ်နေကြတယ် တကယ်ဆို တို့မြန်မာပြည်မှာ နေရာပေါင်းစုံမှာအကူအညီမျိုးစုံလိုအပ်နေတဲ့လူတွေ သိန်းပေါင်းများစွာရှိနေတယ် ဘယ်မှာလှူရမှန်းမသိလို့ ဘယ်လိုလှူရမယ်မသိလို့ စတဲ့အကြောင်းပြချက်ပေါင်းစုံနဲ့ လူတွေကိုကူညီဖို့ မသိချင်ဟန်ဆောင်နေကြတယ် ရှောင်လွှဲနေကြတယ်။

ပိုက်ဆံရှိရင် မိသားစုဘုန်းကြီးဆွမ်းကပ်လိုက်မယ် ပိုက်ဆံရှိရင် ဘယ်နှစ်တောင်ဘုရားတည်လိုက်မယ် ပိုက်ဆံရှိရင် ဘုန်းကြီးကျောင်းဆောက်လှူမယ် ပိုက်ဆံရှိရင် ရှင်ဘယ်နှစ်ရာပြုပေးမယ် ဒါပဲတွေးတယ်။

ပိုက်ဆံရှိရင် ဒုက္ခရောက်နေတဲ့လူသားတွေကိုကူညီမယ်/ လှူဒါန်းမယ်ဆိုတဲ့အတွေးမျိုး များများတွေးစေချင်တယ် ကိုယ်ချင်းစာပါတယ် စိတ်မကောင်းဘူးလို့ တရားရှိသလိုလိုနဲ့ လူကြားကောင်းအောင် မပြောဘဲနဲ့ မိမိငွေထဲက နိုင်သလောက်သာ လှူပါ/ကူပါ။

၇အိမ်ကြား၈အိမ်ကြား အော်ဟစ်ပြီး တပြားမှမကုန်တဲ့လေထဲကနေမေတ္တာပို့နေမယ့်အစား မိမိနိုင်သလောက် လိုအပ်တဲ့နေရာကိုသွားလှူပါ ရှိပြီးသားဘုရားတွေကိုထပ်ထပ်တည်နေမယ့်အစား မရှိသေးတဲ့ လူတွေအတွက်လိအပ်တဲ့အဆောက်အဦးတွေလှူပါ။

ဟင်းခွက်တွေပြည့်နှက်နေတဲ့ကျောင်းတွေမှာ ဆွမ်းကပ်ပြီး ပီတိဖြစ်မယ့်အစား ထမင်းမစားရသေးတဲ့သူတွေကို ထမင်းတနှပ်ကုသိုလ်ပြုပါ။

ကိုယ်ချင်းစာစိတ်မပါတဲ့ဘာသာတရားဟာ ဆားမပါတဲ့ဟင်းလိုပါပဲ ကူညီမှုမပါတဲ့ မေတ္တာပို့တွေဟာ သာမန်သီချင်းအော်ဆိုနေတာနဲ့ အတူတူပါပဲ…

ဦးစွာကြီး

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page