“အဆင့်တစ်မရတော့ ဘာဖြစ်လဲ” – ယခုခေတ်ပညာရေး၏ လွဲနေသော အယူအဆ (မောင်သာချို)
၁။ ကမာရွတ် လှည်းတန်းပတ်ဝန်းကျင်ရှိ ကျူရှင်ကြော်ငြာတစ်ခုကို ဖတ်မိလေတိုင်း ကျွန်တော့်စိတ်ထဲမှာ အမျိုးအမည်တပ်မရသည့် ဝေဒနာတစ်ခုက ပေါ်လာတတ်စမြဲ ဖြစ်ပါသည်။ ကြော်ငြာပေါ်၌ အလေးအနက်ပြုထားသည့် စာသား တစ်ကြောင်းပါဝင်ပါသည်။ သင့် ကလေးကို အမြဲတမ်း အဆင့်တစ် ရစေလိုပါသလားတဲ့။ အဲဒါသည် ပင်လျှင် ထိုကျူရှင်ကြော်ငြာ၏ အသက်ဖြစ်ပါသည်။
ထိုကျူရှင်နှင့်ပတ်သက်၍ ကျွန်တော့်တွင် အချစ်အမုန်းမရှိ ပါ။ မည်သူတွေက တည်ထောင်ထားသလဲ ကျွန်တော်မသိပါ။ မည်မျှအထိ အစွမ်းထက်သော ဆရာများက မည်ကဲ့သို့သော ပညာများ ကို ပေးဝေနေကြလေသလဲဆို သည်ကိုလည်း ကျွန်တော် မခန့်မှန်းတတ်ပါ။ အံ့သြမိသည်ကဖြင့် အမှန်တကယ်ပဲ ဖြစ်ပါသည်။ ကလေးကို အဆင့်တစ်ရစေရမည်ဟု ဆို ထားခဲ့သည်ကိုး။
အဆင့်တစ်ဆိုသည်မှာ စာသင်ခန်း တစ်ခန်းတွင်မှ တစ်ယောက်သာ ရှိစမြဲဖြစ်ရာ ကျောင်း သားတိုင်းကို အဆင့်တစ်ရအောင် သူတို့ ဘယ်လိုသင်ကြားကြမှာပါလိမ့်။ ကျောင်းသားတွေက တစ်ခန်းစီ၊ တစ်တန်းစီ၊ တစ်ကျောင်းစီက တစ်ယောက်စီများဖြစ်နေခဲ့ကြလေရော့သလား။ အင်း….အဲဒါ တွေ ထားလိုက်ပါတော့။
ကျွန်တော့်စိတ်ထဲ ခိုးလိုးခုလု ဖြစ်နေရသည်က အဆင့်တစ်ရစေ ရမည်ဆိုတာကြီး ဖြစ်ပါသည်။ အဆင့်တစ်ရတော့ ဘာဖြစ်သလဲ။ အဆင့်တစ်မရတဲ့လူတွေက ကမ္ဘာ လောကကြီးအတွက် သုံးစားမရ ကြတော့ဘူးလား။ ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲသူတွေ၊ တည်ဆောက်သူတွေ၊ ပေးဆပ်သူတွေဟာ ခြောက်ဘာသာဂုဏ်ထူးရှင် တွေလား။ စော်ကားလိုသည့်သဘောဖြင့် မေးခြင်းမဟုတ်ပါ။
၂။ မိတ်ဆွေဆရာဝန်တစ် ယောက်က မြန်မာတို့ ပညာထူးချွန် လိုခြင်း(သို့မဟုတ်)ပညာတတ်တတ် မတတ်တတ် အမှတ်တွေ အများကြီးရလိုခြင်း၏ အခြေခံစိတ်ကို သူမကြိုက်ကြောင်း ပြောဖူးပါသည်။ ပညာရပ်ကို ချစ်သောစိတ်၊ ထိုပညာဖြင့် လူ့အဖွဲ့အစည်းကို အကျိုးပြုလိုသော စိတ်ဆိုသည် ထက် အမှတ်တွေ များများရကာ ဘွဲ့ကောင်းကောင်းတွေ ယူပြီး လျှင် ပိုက်ဆံများများရသော အလုပ်များကို လုပ်ကာ လူပေါ်လူ ဇော်လုပ်၍ ရပြီဆိုသည့် ဇောဖြင့် ပညာသင်နေကြသူတွေက များ ကြောင်း၊ အတ္တကြီးသည်ထက် ကြီးအောင် မွေးမြူပေးသည့် ပညာရှာ ဖွေမှုပုံစံဖြစ်ကြောင်း ရင်ဖွင့်ဖူးပါ သည်။
နယ်ပေါင်းစုံသို့ လှည့်လည်ကာ တာဝန်ထမ်းဆောင်နေသည့် အင်ဂျင်နီယာတစ်ယောက်က သူ၏သမီးကလေး ကိုးတန်းသို့ ရောက်သောအခါ ရန်ကုန်၌ ကျောင်းပြောင်းထားပါသည်။ ထုံးစံအတိုင်း ရန်ကုန်မြို့လယ်ရှိနာမည်ထွက်သော Day Special ဝိုင်းကျူရှင်တစ်ခု ရှိရာသို့လည်း ကျောင်းသွားအပ်ပါသည်။
ဟင့်အင်း….တဲ့ခင်ဗျ။ ဘယ်လို ချို့ယွင်းချက်မျိုးများရှိနေပါ လိမ့်ဟုဆိုတာ မေးတော့ အပြစ်က နယ်က ပြောင်းလာသော ကျောင်းသူဖြစ်၍ပါဆိုလား။ ကျွန်တော်တို့ အားလုံး အံ့သြကြရပါသည်။ ထို ကျောင်း၏စံသတ်မှတ်ချက်က နယ်ဆိုလျှင် ပညာရေးနိမ့်ကျ သည်။ ထို့ကြောင့် သူတို့ဝိုင်း၏ ဂုဏ်ကို ညှိုးမှိန်စေမည့်သူပဲ ဖြစ်နိုင်သည်။ ထို့ကြောင့် လက်မခံနိုင်ခြင်း ပါတဲ့။
နောက် မိတ်ဆွေတစ်ဦးက ကျတော့ ရန်ကုန်သို့ပြောင်းလာသောအခါ ဆယ်တန်းတက်မည့် သားငယ်ကလေးပါ ပါလာပါသည်။ သူကလည်း သားကို ကျောင်းကြီးအပ်ပြီးသည်နှင့် နာမည်ကျော်ဝိုင်းတစ်ခုသို့ သွားပြန် ပါသည်။ ကျူရှင်အပ်ဖို့။ ဟင့်အင်း ပါပဲ။ ချို့ယွင်းချက်က ကိုးတန်းမှာ သူတို့ကျူရှင်မှာ မတက်ထားခဲ့လို့ ဆိုလား။ ဒါကြောင့် ကလေးအခြေ အနေက ဘယ်လိုလဲဆိုတာဟာ မသေချာတာကြောင့် ကျောင်းနာမည်ပျက်မှာ စိုးလို့ဆိုလား။ ပညာသင်ဖို့ ခက်လိုက်တာ။
နှစ်ကျဆိုလျှင် လက်မခံဘူး ဟုဆိုသည့် ကျူရှင်များ ရန်ကုန်၌ ရှိပါသည်။ အပေါ်ထပ်တွေဆိုလျှင် စာလာမသင်နိုင်ဘူးဟုဆိုသည့် ဆရာများရှိပါသည်။ ထို့ကြောင့် စာသင်ကောင်းသူ ဆရာများနှင့် စာသင့်ခွင့်ရဖို့ရန်အတွက် မြေညီ ထပ်ကို ရှာဖွေကြရသည့် မိဘများ၊ အပေါ်သို့ တစ်ထပ်တက်တိုင်း တက်တိုင်း လခအပြင် ငွေမည်မျှ တိုးတိုးပြီး ပေးသွားပါ့မည်ဟု တောင်းပန်ရသည့် မိဘများ ရန်ကုန်၌ ရှိပါသည်။ အဆင့်တစ်ရဖို့။ ဘာသာစုံ ဂုဏ်ထူးထွက်ဖို့။ Top Ten ဝင်ဖို့။
နိုင်ငံတကာ၌ အတန်းထဲရှိ ကျောင်းသူကျောင်းသားတို့ တော်သူက ဘဝင်ကြွကာ ညံ့သူက သိမ် ငယ်မသွားစေဖို့ရာအတွက် ရမှတ် ကိုပင် မပြောဘဲ ပါးနပ်စွာဖြင့် ပညာခရီးနှင်နေကြစဉ် အဆင့်တစ်ဆိုမှ အဆင့်တစ်၊ ဘာသာစုံဂုဏ်ထူးဆိုမှ ဘာသာစုံဂုဏ်ထူး၊ Top Ten ဆိုမှ Top Ten ဖြစ်နေကြသည့်ကျွန်တော်တို့နိုင်ငံ၌ ပညာလမ်း ကြီးဖောက်ထားပုံမှာ ကွေ့ကွေ့ ကောက်ကောက် ရှိလွန်းလှပါသည်။
၃။ လွန်ခဲ့သည့် အနှစ် ၂၀ လောက်က ယခုအခါ ဆရာဝန် အဖြစ် အမှုထမ်းနေပြီဖြစ်သော ထိုစဉ်က ဘာသာစုံဂုဏ်ထူးရှင် ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးကို အိမ်ချက်မုန့်ဟင်းခါးကလေးဖြင့် ဧည့်ခံဖူးပါသည်။ မုန့်ဟင်းခါးထဲ၌ ငှက်ပျောအူများပါဝင်ပေရာ သူက အဲဒါ ဘာကလေးတွေလဲဟု မေးပါသည်။ ကျွန်တော်က ငှက်ပျောအူဟုဖြေသောအခါ သူအတွေးရ ခက်သွားပုံရပါသည်။ ထို့ကြောင့် မေးပုံက…ငှက်ပျောအူက ဘယ်က ရတာလဲ ဆရာ…တဲ့။ ကျွန်တော် မထင်မှတ်သည့် မေးခွန်းနှင့်တိုးကာ ကြောင်သွားခဲ့ကြောင်း ဝန်ခံလိုပါသည်။ ငှက်ပျောအူကို သိသိ၊ မသိသိဘာသာစုံကဖြင့် ဂုဏ်ထူးထွက်ခဲ့ ပြီးပါပြီ။
၄။ ကျွန်တော်တို့သည် လူကို ဘဝနှင့်မစပ်ဟပ်ဘဲ အမှတ်တွေ အများကြီးရယူကာ ခြေကုန်လက် ပန်းကျနေသူတို့၏အလယ်၌ ရှုမောမဆုံး ဘဝများကို ရရှိနိုင်ရန် ကျော်လွှားဖယ်ရှား တွန်းထိုးထွက် သော စိတ်ဖြင့် ပညာကို သင်နေမိ ခဲ့ကြခြင်းဖြစ်ပါသည်။
မာသာထရီဆာ (Mother Teresa) ခြောက်ဘာသာဂုဏ်ထူး မထွက်ပါ။ ဗိုလ်ချုပ်အောင်ဆန်း အဆင့်တစ်မရပါ။ အဲလ်ဘတ် အိုင်းစတိုင်း(Albert Einstein)Top Ten မဝင်ပါ။ ဖလောရင့် နိူက်တင်ဂေးလ် (Florence Nigh-tingale) တန်းစဉ် ဂုဏ်ထူးမထွက် ပါ။ မဟတ္တမဂန္ဒီ (Mahatma Gan dhi) လူရည်ချွန် အရွေးမခံရပါ။
သို့သော် ထိုထိုသော သူတွေကသာ လူနှင့်လောကကို ပိုမိုလှပ အောင် စွမ်းအောင်ခဲ့ကြခြင်းဖြစ်ပါသည်။ ကမ္ဘာကြီးက ထိုသို့သော သူများကိုသာ ပို၍ အလိုရှိပါသည်။ ထိုသို့သော သူများကို မွေးထုတ် ပေးသည့် ပညာရေးကိုသာ ကျွန်တော် တောင့်တနေမိပါသည်။ (စာရေးဆရာ မောင်သာချို)