ဂေါ်လီ ကိုယ်တော်နဲ့ ဓာတ်တော်အတု၊ ဓာတ်လုံးအတု ဂျင်းများအကြောင်း

ဘာပဲဖြစ်ဖြစ် နဲနဲလေး ထူးထူးဆန်းဆန်းဆိုတာနဲ့….စွတ်ဆက် ယုံကြည်ပြီး မျက်စိမှိတ် ကိုးကွယ်ပစ်တဲ့ ဗုဒ္ဓဘာသာ တာဇံတွေကို မြင်ရတော့… ဆေးခန်းမှာတွေ့ဖူးတဲ့ ဦးဇင်းတပါးကို သတိရမိတယ်။

သက်တော်ကတော့ ၆၅ လောက်ရှိပြီ တောထွက်ကိုယ်တော်ဆိုတော့ ဝါတော်ကတော့ ၂ ဝါ ဆိုလား…၃ ဝါ ဆိုလားပဲ…သေချာတော့ မမှတ်မိတော့ဘူး။ ဆီးသွားရခက်လို့ဆိုပြီး လာပြတာ နဲနဲလည်း ယားတယ်ပေါ့။

ဟုတ်ပြီလေ ကိုယ်တွေလည်း ရောဂါရာဇဝင်မေးပြီးတော့ စမ်းမယ်ပေါ့… လိုက်ကာကြားထဲသွင်းပြီး လှန်ကြည့်လိုက်တာ လားလား ဂေါ်လီတွေတပ်ထားတာမှ နဂါးပတ်ဆိုလား မိကျောင်းဆိုလား ရေကြည့်လိုက်တာ ၉ လုံးတိတိ။

ကိုယ်လည်း အဲ့ဒါကြည့်ပြီး တခုကိုစဉ်းစားမိသွားတော့ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးပြီး စပ်ဖြဲဖြဲကြီးဖြစ်နေရော… ဘုန်းဘုန်းလည်း ရိပ်မိတယ် ထင်ပါတယ်…. “ဒါတွေက လူဝတ်ကြောင်တုန်းကတည်းကပါ ဆရာလေးရယ်…နှစ် ၃၀ လောက်ရှိပါပြီ” တဲ့

ကိုယ်ကလည်း မျက်နှာပိုးသတ်ပြီး “တင်ပါ့ဘုရား…တပည့်တော်က ရောဂါဖြစ်နိုင်ချေအကြောင်းတွေကို စဉ်းစားနေတာပါဘုရား….” ပေါ့။ ညာရွှီးလိုက်ရတယ်။ အမှန်က..ကိုယ့်ဟာကိုယ် ဘာကိုစဉ်းစားမိပြီး မထိန်းနိုင်ပဲ ခွီသွားလဲဆိုတော့ ဒီကိုယ်တော်သာ ပျံလွန်တော်မူသွားလို့ မီးသင်္ဂြိုလ်ရင် ကျန်ခဲ့တဲ့ ဒီဂေါ်လီတွေကိုကြည့်ပြီး လူတွေက “ဟယ် ရဟန္တာကြီးပါလား။ ဓာတ်တော်တွေကျန်ခဲ့တယ်။ ကြည့်စမ်း” ဆိုပြီး အလုအယက် ဝိုင်းကိုးကွယ်ကြဦးမှာလို့

မနေ့ကတင်တဲ့ ဂေါ်လီဘုန်းဘုန်းအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းစရာလေးတွေရှိလို့ပါ။ ပထမ အချက် ရဟန်းတွေ ဘုန်းကြီးတွေ ဂေါ်လီထည့်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော်တွေ့ဖူးတဲ့ ဘုန်းကြီးက ငယ်ဖြူမဟုတ်ပဲ…အသက်ကြီးမှ ရဟန်းခံတဲ့ ဦးဇင်းဖြစ်တဲ့အတွက် သူလူ့ဘဝတုန်းက ဂေါ်လီထည့်ထားတာကို ပြောထားတာပါ။

ရဟန်းမပြုထိုက်တဲ့ (၃၂) မျိုးထဲမှာ ဂေါ်လီ မထည့်ထားရဘူးဆိုတာမှ မပါဘဲဗျာ…အသက်ကြီးမှ လောကီကို စိတ်ကုန်ပြီး ရဟန်းဝတ်လာတာဖြစ်မှာပေါ့… ဒုတိယ အချက် လူတော်တော်များများက ဓာတ်တော်နဲ့ ဓာတ်လုံးကို မကွဲပြားကြဘူးထင်တယ်… ဓာတ်တော်ဆိုတာ ဘုရား၊ ရဟန္တာ တွေ ပရိနိဗ္ဗာန်စံပြီး ကြွင်းကျန်ရစ်တဲ့ အရာ… အရိုးမှ ဖြစ်သော ဓာတ်တော်၊ အသွေးမှ ဖြစ်သော ဓာတ်တော် စသည်ဖြင့်ရှိတယ်။

ဒီနေရာမှာ ဗဟုသုတရစရာပြောရရင် ဘုရားရှင်တွေသည် လူ့သက်တမ်းရဲ့ ၅ပုံ ၄ ပုံမှာ ပရိနိဗ္ဗာန်ပြုတယ်… ဂေါတမဘုရားက လူတွေ နှစ် (၁၀၀) သက်တမ်းမှာပွင့်တော့ သက်တော် (၈၀) မှာ ပရိနိဗ္ဗာန်ပြုတာ.. ကဿပ ဘုရားတို့ဆိုရင် လူ့သက်တမ်း နှစ် (၂၀၀၀၀) တမ်းမှာ ပွင့်တော့ သက်တော် (၁၆၀၀၀) မှာ ပရိနိဗ္ဗာန်ပြုတယ်တဲ့… ဘာကွာလဲဆိုတော့ ကဿပဘုရားလို သက်တမ်းအကြာကြီးနေတဲ့ဘုရားတွေကျတော့ ဓာတ်တော်မွေတော်အနေနဲ့ အများကြီးမချန်ဘူး….တကိုယ်လုံး ရွှေတုံးကြီးတတုံးအနေနဲ့ပဲ ကျန်တယ်လို့ပြောတယ်။

ဂေါတမဘုရားလို သက်တမ်းတိုတဲ့ ဘုရားတွေကျမှသာ နောက်လူတွေအတွက် ဓာတ်တော်မွေတော်တွေ အများကြီး ချန်ခဲ့တာတဲ့။ ဟုတ်တာမဟုတ်တာ မပြောဘူးနော်.. ကျမ်းဂန်တွေထဲပါတာ ပြောပြတာ… အဲ့လို ဘုရား၊ ရဟန္တာရဲ့ ခန္ဓာကိုယ်က ကြွင်းကျန်တဲ့အရာတွေကို ဓာတ်တော်လို့ခေါ်တာ။

ဓာတ်လုံးဆိုတာကျတော့ ထွက်ရပ်ပေါက်ချင်တဲ့သူတွေ အဂ္ဂိရတ်ဆရာတွေ ဖိုထိုးပြီး ဖြစ်လာတာကို ဓာတ်လုံးလို့ခေါ်တာ၊ တချို့မသိတဲ့ လူငယ်တွေကို ရှင်းပြရရင် ဖိုထိုးတယ်ဆိုတာ….သတ္တုတမျိုးမျိုးကို ရွှေဖြစ်အောင် ငွေဖြစ်အောင် လောကီရိုးရာနည်းတွေနဲ့ လုပ်တာကိုပြောတာ… အများအားဖြင့်တော့ သံ၊ ပြဒါး စတာတွေကို ရွှေဖြစ်အောင်လုပ်တာ… သံသေ တဆွေဝ၊ ပြဒါးသေ တပြည်ဝဆိုတဲ့ စကားတောင်ရှိသေးတယ် သံကိုသေအောင် ထိုးနိုင်ရင် ကိုယ့်ရဲ့တဆွေလုံး တမျိုးလုံးကို ဝအောင် ကျွေးထားနိုင်တယ် ပြဒါးကို ရွှေဖြစ်အောင်လုပ်နိုင်ရင် တတိုင်းပြည်လုံးကို ဝအောင် ကျွေးထားနိုင်တယ်ပေါ့။

ဘာကြောင့် ပြဒါးကို ရွှေဖြစ်အောင်လုပ်တာလဲ…တကယ်လုပ်လို့ရလားဆိုတော့ သီအိုရီအရ ရတယ်ပြောရမှာပဲ…. Chemistry သင်ဖူးကြမှာပါ…အဲ့မှာပါတယ်လေ ပြဒါး (Mercury-Hg) မှာ Electron အလုံး 80 ၊ Proton အလုံး 80၊ Neutron အလုံး 80 ပါတယ် ရွှေ (Gold-AU) မှာက Electron 79၊ Proton 79၊ Neutron 79 လုံးပါတယ်… သီအိုရီအရ ပြဒါးကနေ Electron ၊ Proton ၊ Neutron တလုံးစီ ဖယ်လိုက်နိုင်ရင် ရွှေဖြစ်ပြီပေါ့ဗျာ။ Electron ဖယ်တာက လွယ်ပေမယ့်…Proton နဲ့ Neutron ဆိုတာက Nucleus ထဲမှာ ပေါင်းနေတဲ့အတွက်… Nucleus ကို ဖြိုခွဲထုတ်ဖို့က လွယ်မှမလွယ်တာ။ အဲ့ဒါကို ကိုယ့်နည်းကိုယ့်ဟန် လောကီနည်းတွေနဲ့ ဖိုထိုးပြီး Nucleus ခွဲထုတ်တာကို အဂ္ဂိရတ်ထိုးတယ်။ ထွက်ရပ်လမ်းလိုက်တယ် ခေါ်ကြတာ။

ထွက်ရပ်ပေါက် မပေါက်တော့ မသိဘူး…..ဖိုထိုးရင်း မွဲ၊ စီးပွါးပျက်ပြီး မိန်းမနဲ့ကွဲသွားတဲ့ သူတွေတော့ အများကြီးတွေ့ဖူးတယ်။ ဟီး (ဤကား စကားချပ်) ထားပါတော့ ဓာတ်တော်နဲ့ ဓာတ်လုံးဆိုတာ မတူဘူး…အဲ့လိုကွာတယ်ဆိုတာ ပြောချင်တာ… ရေစိမ်သောက်တယ်တို့….စေတလုံးပြည့်တယ်တို့… ပါးစပ်ထဲငုံရင် မြေလျှိုးမိုးပျံတယ်တို့ဆိုတာ ဓာတ်လုံးကို ပြောတာ….ဓာတ်တော်နဲ့ ဘာမှ မဆိုင်ဘူးရယ်

တတိယ အချက် ဓာတ်တော်ဆိုလို့လည်း….ဓာတ်တော်မွေတော် အစစ်တွေရှိသလို….အတုတွေလည်း ရှိတယ်ဗျ… ဂေါတမဘုရားရှင်မှာဆို မပြိုကွဲပဲ ကျန်ခဲ့တဲ့ ဓာတ်တော်ဆိုတာ (၇) ခုပဲရှိတယ်….အသမ္ဘိန္နဓာတ်တော်လို့ခေါ်တယ်… စွယ်တော်က (၄) ဆူ သင်းကျစ်တော် က (၁) ဆူ ညှပ်ရိုးတော်က (၂) ဆူ ကျန်တဲ့ အစိတ်စိတ်အမြွှာမြွှာကွဲကုန်တာတွေက မွေတော် Size အနေနဲ့ပြောရရင် အသေးဆုံးက မုန်ညှင်းစေ့ အလတ်စားက ဆန်ကွဲစေ့ အကြီးဆုံးက ပဲခြမ်းအရွယ်… အရောင်က (၃) မျိုးပဲ ရှိနိုင်တယ် အသေးဆုံးက ပန်းနုရောင် ဖျော့ဖျော့ အလတ်စားအရွယ်တွေက ပတ္တမြားရောင် အကြီးဆုံးက ပုလဲရောင် စာပေကျမ်းဂန်အရတော့ ဒါပဲ။

ဒါတွေ ဘာကြောင့်ပြောသလဲဆိုရင် အောက်မှာ ဆက်လာမယ်။ ပဲခြမ်းအရွယ်ထက် ကြီးတာတွေ တခြားအရောင်တွေ ဖြစ်နေတာတွေက ဘာဓာတ်တော် မွေတော်မှ မဟုတ်ဘူး မီးမလောင်ပဲ ကျန်ခဲ့တဲ့ဟာတွေ (ဂေါ်လီတွေ ဂေါက်တွေလည်း ဖြစ်ရင်ဖြစ်မှာပေါ့) ရှိသေးတယ် တချို့မြို့တွေမှာ မြတ်စွာဘုရား အံတော် ဆိုပြီး လုပ်စားနေတာတွေ… အပေါ်က အသမ္ဘိန္နဓာတ်တော် (၇) ပါးကလွဲရင် ဘာ အံတော်မှ မကျန်ဘူး… ဘယ်တိရစ္ဆာန်ရဲ့ သွား ကို ထိုင်ပူဇော်နေလဲတော့မသိ။

စွယ်တော် (၄) ဆူထဲမှာတောင် သီရိလင်္ကာရယ် တရုတ်ရယ်မှာ ရှိတဲ့ စွယ်တော်တွေကိုပဲ အစစ်လို့ ယူဆထားကြတာ…ကျန်တာတွေက နဂါးပြည်မှာဆိုလား….ဗြဟ္မာပြည်မှာဆိုလား…. အဲ့ထက်ပိုဆိုးတာက ဓာတ်တော်အတုတွေ ဘန်ကောက် မြဘုရားနားက Tha Tian ဈေးမှာဆိုရင် ဓာတ်တော်မွေတော်တွေဆိုပြီး ချရောင်းနေတာမှ အများကြီး ကီလိုလိုက် ဝယ်လို့ရတယ်…တကီလိုကို မြန်မာငွေ ၄၀၀၀၀-၅၀၀၀၀ လောက်ပဲ ပေးရတယ်…. သူတို့ပြောတာကတော့ ဓာတ်တော်မွေတော်ဆိုတာ ပွါးတတ်တယ်ပေါ့….ပွါးလာတဲ့ဟာတွေကို ရောင်းတာပါတဲ့…. ၁၀ ကီလိုလောက် သွားဝယ်လာပြီး မြန်မာပြည်မှာ ဓာတ်တော်တိုက် ဖွင့်စားလိုက်ရရင် တော်တော်စီးပွါးဖြစ်မှာ

အဲ့လို ဓာတ်တော်မွေတော်တွေကို ဘယ်လိုအတုလုပ်ကြလဲ….တကယ်ပွါးအောင် ကြီးလာအောင် ဘယ်လိုလုပ်ရလဲဆိုတာတော့ ဒီမှာမပြောပြတော့ဘူး။ လွယ်လွယ်လေး… လိမ်စားမယ့်သူတွေအတွက် အကွက်တွေရကုန်မှာစိုးလို့…. အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့… အစစ်တွေလည်း ရှိသလို အတုတွေလည်းရှိပါတယ် ကိုယ် ဖင်ဘူးတောင်းထောင်ပြီး ဦးချရှိခိုးမယ့်အရာက ဘာလဲဆိုတာကိုတော့ သေချာလေ့လာဆန်းစစ်ပါဦးလို့…

ဆိုရိုးစကားလေးတခုနဲ့ ပိတ်ပါမယ်… “ကမ္ဘာပေါ်မှာ မျက်စိကန်းစေတဲ့ အကြောင်းရင်းတွေမှာ တတိယလိုက်တာက မျက်စိတိမ်စွဲရောဂါ.. ပထမ နဲ့ ဒုတိယ မျက်ကန်းဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ ဘာသာရေးနဲ့ နိုင်ငံရေးပါ” တဲ့ ဂေါ်လီအကြောင်းကတော့ စိတ်ဝင်စားရင် သပ်သပ်ရေးပေးမယ်… တော်သေးပြီ။ (Sai ThawZinOo)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page