အဆမတန် ငွေကြောင်းဖောင်းပွမှု၊ ဗင်နီဇွဲလား ဖြစ်စဉ်နဲ့ မြန်မာပြည် ကျပ်ငွေရဲ့ လားရာ

တလောက ကမ္ဘာလည့်ပြီး နိုင်ငံပေါင်းစုံသွားနေတဲ့ လူတယောက်ရဲ့ ခရီးသွား ဗီဒီယိုလေး ကြည့်မိတယ်။ အဲဒီ ဗီဒီယိုထဲမှာ သူက ဗင်နီဇွဲလာ နိုင်ငံမှာ မက်ဒေါနယ် ဟမ်ဘာဂါ ဝယ်စားတဲ့ အကြောင်း ရိုက်ပြထားတယ်။ သူက ရောက်တဲ့နိုင်ငံတိုင်းမှာ မက်ဒေါနယ် ဆိုင်ရှိခဲ့ရင် ဝင်စားပြီး မှတ်တမ်းတင်လေ့ ရှိတယ်။ ဗင်နီဇွဲလာမှာ မက်ဒေါနယ် ဆိုင်တဆိုင်ပဲ ရှိတယ်။ အဲဒီဆိုင်က မြို့တော် ကလာကက်စ် မှာ ရှိပြီး စျေးကြီးလွန်းလို့ မြို့ခံတွေ ဝယ်စားလေ့ မရှိဘူး။ သူကတော့ အတွေ့ အကြုံလိုချင်လို့ ဝင်စားတယ်ပေါ့။

ဒါနဲ့ သူက မက်ဒေါနယ်က အစားအသောက်တစုံ ဖြစ်တဲ့ ဟမ်ဘာဂါ အကြီးတလုံး၊ အအေးတခွက်၊ အာလူးချောင်းတပွဲနဲ့ ကြက်ကြော် ခြောက်တုံး ဝယ်စားတယ်။ စုစုပေါင်း သူတို့ငွေ ဘိုလီဗာ သိန်း၁၇၀ ကျတယ်။ သူတွက်ပြတာတော့ အမေရိကန် တဒေါ်လာကို ဘိုလီဗာ ၇သိန်းခွဲ လောက် ရှိတယ်။ သူစားတာ ဒေါ်လာ ၂၂ ကျော်တယ်။ သူစားဖူးသမျှ မက်ဒေါ်နယ်တွေ ထဲမှာ စျေးအကြီးဆုံးနဲ့ စားလို့ မကောင်းဆုံးတဲ့။

ပိုက်ဆံရှင်းတော့ သူတို့ ပိုက်ဆံ ပေးလို့ မရဘူး။ ဒေါ်လာ ပေးရတယ်။ သူတို့ပိုက်ဆံကို သူတို့နိုင်ငံသားတွေ မသုံးကြတော့ဘူး။ ပိုက်ဆံတွေက ဖောင်းပွ လွန်းလို့ လူတွေကလည်း မကိုင်တော့ဘူး။ ဒါပေမဲ့ စျေးနူန်းတွေကတော့ သူတို့ငွေတန်ဖိုးနဲ့ ရောင်းဝယ်နေကြတယ်။ မက်ဒေါ်နယ်ရဲ့ ကောင်တာမှာ စုစုပေါင်း ကျသင့်ငွေကို ပြထားတာ သုညပေါင်းများစွာ။

ဗင်နီဇွဲလာက hyperinflation လို့ ခေါ်တဲ့ အဆမတန် ငွေကြေးဖောင်းပွမှု ဖြစ်နေတာ အတော်ကြာပြီ။ ၂၀၁၆ လောက်ကတည်းက။ အစိုးရက ပိုက်ဆံတွေ ရိုက်ထုတ်တယ်။ ပိုဖောင်းပွတယ်။ ငွေစက္ကူ အသစ်တွေမှာ သုညတွေ များများလာတယ်။ နောက်ဆုံး သုညတွေ ဖြုတ်ပြီး M လို့ပဲ ထည့်တော့တယ်။ Million (သန်း) ဆိုတဲ့ သဘောပေါ့။ ငွေစက္ကူ အဟောင်းတွေ အသစ်တွေ ရှုပ်ထွေးနေတော့ လူထုက သူတို့ပိုက်ဆံကို သုံးမနေတော့ဘဲ ဒေါ်လာ အစားထိုး သုံးကြတယ်။ ဒါပေမဲ့ ဒေါ်လာကလည်း လူတိုင်း မကိုင်နိုင်ကြတော့ ပစ္စည်းဖလှယ်စျေး (barter market) တွေ ပေါ် လာတယ်။ ဆန်နဲ့ ဆီ လဲ၊ ငါးနဲ့ ဂျုံလဲ၊ လုပ်အားခ အစား ဆန်၊ ဆီ ပေး စသဖြင့်ပေါ့။

တလအတွင်းမှာ ငွေတန်ဖိုး ငါးဆယ် ရာခိုင်နှုန်းကျရင်၊ ကုန်စျေးနှုန်း ငါးဆယ် ရာခိုင်နှုန်း တက်ရင် Hyperinflation လို့ သတ်မှတ်ကြတယ်။ ဘာလို့ ဖြစ်သလဲ ဆိုတာကတော့ မပြောလည်း သိကြမှာပါ။ များသောအားဖြင့် စစ်ကြိုကာလနဲ့ စစ်အတွင်း ကာလတွေ မှာ ဖြစ်တယ်။ အုပ်ချုပ်သူ ကို မယုံရင် ဖြစ်တာ အများဆုံးပဲ။ ဘယ်လို အမိန့်ထုတ်ရင်ဖြစ်စေ၊ မိန့်ခွန်းပြောရင် ဖြစ်စေ ငါ့ငွေဟာ တန်ဖိုး ရှိမှာ မြင်လာတဲ့ လူထုဟာ တန်ဖိုး ရှိမယ် ထင်တာတွေ ပြောင်းလဲကြတဲ့အခါ ငွေတန်ဖိုးဟာ အကြီးအကျယ် ကျသွားတယ်။ လူထုအပြစ် မဟုတ်ပါဘူး။ ဉာဏ်မရှိတဲ့ အုပ်ချုပ်သူ အမည်ခံတွေ အပြစ်ပါ။

မြန်မာပြည်ဟာလည်း Hyperinflation လမ်းကြောင်း ပေါ် ရောက်နေပါပြီ။ တလ အတွင်းဆို ငါးဆယ်ရာခိုင်နှုန်းတောင် မကတော့ဘူး။ ဘယ်လို ကျော်လွှားနိုင်မလဲ ဆိုတော့ လူထုအစိုးရ ပြန်လာမှ ကျော်လွှားနိုင်မယ်။ ချမ်းသာတဲ့ လူများက ကိုယ့်ငွေကို စိတ်မချရင် ဘွန်းဝယ်ထားပါ။ EOD ရှယ်ယာတွေ ဝယ်ထားပါ။

မဝယ်တတ်ဘူးတော့ မရှိပါဘူး။ ငွေရှိသူတွေမှာ နည်းလမ်းတော့ ရှိမှာ။ မဝယ်နိုင်သူများကတော့ တလရ မှာ နိုင်သလောက် ကူပေါ့။ ကလစ်ပါ။ နိုင်သလောက် လှူ။ လျှို့ဝှက်သင့်တာ လျှို့ဝှက်ပေး။ သတင်းပေးနိုင်ရင် ပေး။ ဝှက်ပေး။ နိုင်ရာဝန်ထမ်းကြပေါ့။ ဒါမှ ဒီ Hyperinflation တောင်ကို ကျော်နိုင်မှာ။ (AKMoe) (ပုံ – ဗင်နီဇွဲလားတွင် အဆမတန် ငွေကြေးဖောင်းပွစဉ်က အိမ်သာသုံး စက္ကူတလိပ်ကို ဝယ်ယူရသည့် ငွေစက္ကူပမာဏအား နှိုင်းယှဉ်ဖော်ပြထားပုံ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page