လေထဲက ရုရှားဆီ တန်ချိန်သုံးသောင်းနဲ့ မရောက်မီက တက်နှင့်နေတဲ့ စက်သုံးဆီ ဈေးနှုန်း

စကစရဲ့ ရုရှားမှ တင်သွင်းတဲ့ ဆီစျေးနှုန်း သက်သာကြောင်း ပြလို၍ လက်ရှိစက်သုံးဆီစျေးများကို အမြင့်စျေးသို့ ဆွဲတင်လာနိုင်သည့် အခြေအနေရှိကြောင်း စျေးကွက်စောင့်ကြည့်လေ့လာသူများထံကနေ သိရပါတယ်။

လက်ရှိ စက်သုံးဆီဆိုင်များရောင်းချနေသည့် စျေးနှုန်းကို စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ပေးနေခြင်းဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံစိမ်းစျေးတည်ငြိမ်နေပြီး စစ်ကောင်စီက စက်သုံးဆီစျေးကျဆင်းရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်သုံးထားသော်လည်း စက်သုံးဆီစျေးမှာ ဆက်လက်မြင့်တက်မှု ရှိနေခြင်းမှာ အခြေအနေတခုအတွက် ကြိုတင်ပြင် ဆင်မှု ဖြစ်နိုင်သည်ဟု စျေးကွက်လေ့လာသူများက ပြောပါတယ်။

“ရုရှားက ဆီတွေ မရောက်ခင်အထိ စျေးတွေဆွဲတင်ထားပြီး ဇာတ်လမ်းဆင်မယ့် သဘော တွေးမိတယ်။ အဲဒီဆီတွေကို ပေါက်စျေး ဘယ်လောက်နဲ့ဝယ်တယ်ဆိုတာ ဖုံးဖိထားတာက သံသယ ဖြစ်စရာတွေ့ရတယ်။ အခု ရောင်းနေတဲ့ဆီကလည်း စကစ လက်အောက် ခံအဖွဲ့က စျေးသတ်မှတ်တာဆိုတော့ သူတို့ကြိုက်သလို ပုံဖော်လို့ရနေတယ်”ဟု အမည်မဖော်လိုသူ စက်သုံးဆီစျေးကွက် စောင့်ကြည့် လေ့လာသူတစ်ဦးက ပြောပါတယ်။

ရုရှားနိုင်ငံမှ စက်သုံးဆီတန် (၁၅၀၀၀) ပါရှိသည့် သင်္ဘော ၂ စီးမှာ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာမည်ဖြစ်ပြီး လက်ရှိ ဝယ်ယူ ရောင်းချနေသည့် နှုန်းထက် သက်သာသည်ဟု စကစက ဝါဒဖြန့်ထားပါတယ်။ သို့သော် ဝယ်ယူမှု စျေးနှုန်း အသေးစိတ်နှင့် တခြားသဘောတူညီထားမှုများကို ထုတ်ပြန်ထားခြင်းမရှိပါ။

အဆိုပါ ရုရှားမှ တင်သွင်းသည့် စက်သုံးဆီများအား အများပြည်သူအား ရောင်းချရန် အရောင်းဆိုင်များသို့ မည်ကဲ့သို့ ခွဲတမ်း ပေးရောင်းချမည်ကို ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း အသိပေးထားခြင်းမရှိဟုလည်း ဆီဆိုင်ပိုင်ရှင်တချို့က ပြောပါတယ်။

စကစက ဖွဲ့စည်းပေးထားတဲ့ ရုရှားနိူင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များ၌ ယင်းဆီများကို အများပြည်သူသို့ ရောင်းချပေးရေးဆိုသည့် အချက်မပါရှိဘဲ “သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနအဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်”ဟု ဖော်ပြထားတယ်လို့ သိရပါတယ်။

အဆိုပါ စက်သုံးဆီသင်္ဘောများ မရောက်လာခင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီစျေးနှုန်းများ ထပ်မံမြင့်တက်မှု ရှိနေပါတယ်။ လက်ရှိတွင် ရန်ကုန်မြို့ရှိ သုံးဆီအရောင်းဆိုင်များ၌ အောက်တိန်း-92 တစ်လီတာလျှင် ၂၄၅၀ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၂၅၆၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၀၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၁၇၀ ကျပ်ဖြင့် ရောင်းချနေကြောင်း စျေးကွက်မှသိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page