ကွန်ပါဘူးလေး (၃) ဘူးကို ကျောင်းသား (၄၀) ဝိုင်းပြီး မဲနှိုက်ခဲ့ရတဲ့ မြန်မာ့ပညာရေးစနစ်
ကျွန်တော်တို့ခေတ် (၁၉၈ဝ ပြည့်လွန် နှစ်) တွေမှာ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်ဖိုးတွေ ပေးခဲ့ကြရ သေးတယ်။ အဲဒီစာအုပ်တွေကို ဈေးကွက်မှာ ပုံနှိပ်စာအုပ်လို့ အလွယ်တကူ ခေါ်ခဲ့ကြတယ်။ အထက်တန်း ကျောင်း ပြီးလို့ တက္ကသိုလ်သာ ရောက်သွားတယ်၊ ပုံနှိပ်စာအုပ် စုံစုံလင်လင်ရတဲ့ နှစ် တစ်နှစ်မှ မရှိခဲ့ဘူး။
ကျွန်တော်တို့ ခေတ်ပြိုင် အားလုံး ပုံနှိပ်စာအုပ် စုံစုံလင်လင် မရခဲ့ကြဘူး။ ပုံနှိပ်စာအုပ်အတွက် အတန်းထဲမှာ ရှိတဲ့ ကျောင်းသူ၊ ကျောင်းသား အားလုံး မဲနှိုက်ခဲ့ကြရတယ်။ ပထဝီစာအုပ် မဲပေါက်သူက သမိုင်းစာအုပ် မဲနှိုက်ခွင့် မရှိဘူး။ သိပ္ပံ စာအုပ် မဲပေါက်သူက သင်္ချာစာအုပ် မဲ မနှိုက်ကြရဘူး။
မဲမပေါက် တဲ့ စာအုပ်ရချင်ရင် စာအုပ်မှောင်ခိုစျေးကွက် မှာ ရှိတယ်။ အစိုးရက ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဖတ်စာအုပ် တွေ လုံလုံလောက်လောက် မပေးနိုင်ပေမယ့် စာအုပ် မှောင်ခို ဈေးကွက်မှာ ဖတ်စာအုပ်တွေက လိုချင်သလောက် ရနေတယ်။ မြန်မာ့နည်းမြန်မာဟန် ဆိုရှယ်လစ်ခေတ်ရဲ့ ဗဟိုချုပ် ကိုင်မှုဒဏ်ကို ကျောကော့အောင် ခံခဲ့ရတဲ့ နှစ်ကာလများ ဆိုပါတော့။
ကျွန်တော်တို့ခေတ်မှာ ကျောင်းသုံးကိရိယာ ဖြစ်တဲ့ M အမှတ်တံဆိပ်ပါ ကွန်ပါဘူးတွေ လည်း ငါးတန်းနှစ်မှာ မဲဖောက် ပေးခဲ့ဖူးတယ်။ ကွန်ပါဘူး အနီရဲရဲလေးကို ဂျပ်စက္ကူဘူးလေးထဲ ထည့်ထားတယ်။ ကွန်ပါဘူးထဲမှာ ထောက်ချွန် နှစ်ခုပါတယ်။ စက်ဝိုင်းခြမ်း ပါတယ်။ တြိဂံပုံ ကျင်တွယ်ပေတံ နှစ်ခုပါတယ်။ ခြောက်လက်မ ပေတံဖြူဖြူ တစ်ချောင်း ပါတယ်။ ခဲဖျက်တောင်မှ ပါလိုက် သေးတယ်။
ကွန်ပါဘူးထဲက ပုံသေနည်းတွေ ရေးထားတဲ့ ဂျပ် စက္ကူလေးဟာ အတော်အသုံးတည့်မှန်း အချိန်အတော်ကြာမှ သိခွင့်ရခဲ့တယ်။ ကျောင်းသားလေးဆယ်လောက်ရှိတဲ့ စာသင်ခန်းအတွက် ကွန်ပါဘူး ခွဲတမ်းက သုံးဘူးသာ ဖြစ်လို့ ကျွန်တော် ကံကောင်းသူစာရင်း မဝင်ခဲ့ဘူး။ ဘာနည်းပညာမှ မည်မည်ရရ မလိုတဲ့ ကွန်ပါဘူးလို ပေါပေါပဲပဲ ပစ္စည်းကိုတောင် ပြည်တွင်းမှာ လုံလောက်အောင် မထုတ်နိုင်ခဲ့ဘူး။ အဲဒီ ကွန်ပါဘူးတွေက စိနဒေသက လာတာတွေလေ။
ပြည်တွင်းမှာ အလင်းရောင် တံဆိပ်နဲ့ ကွန်ပါဘူးတွေ ထုတ်ခဲ့ပေမယ့် ကွန်ပါချွန် ကလည်း အမြဲချောင်၊ ပေတံကလည်း မှုန်ဝါးဝါး၊ ကွန်ပါဘူး လုပ်ထားတဲ့ သံပြားကလည်း ပါးလျပ်လျပ် ဆိုတော့ ဘယ်သူမှ မသုံးချင်ကြဘူး။
စေတနာမပါတဲ့ ထုတ်ကုန်မို့ စားသုံးသူတွေက ဒဏ်ခတ် လိုက်ကြတာ ဈေးကွက်မှာ ကြာကြာမခံလိုက်ဘူး။ ဆိုင်တွေမှာ ကွန်ပါဘူး အလွယ်တကူ ဝယ်လို့ရတယ် ဆိုပေမယ့် ကျောင်းသားမိဘ အများစုက ကွန်ပါဘူးအတွက် ငွေကုန်ကြေး ကျ မခံကြတော့ဘူး။ သံချေး အလိမ်းလိမ်းတက်နေ တဲ့ အစ်ကို တွေ၊ အစ်မတွေရဲ့ လက်ကျကိုသာ လက်ဆင့်ကမ်း သုံးကြရတယ်။
ကံကောင်းထောက်မလို့ ကွန်ပါဘူး မဲပေါက်ခဲ့ရင်လည်း အမြဲတမ်း သုံးနေတာတော့ မဟုတ်ဘူး။ အစမ်းစာမေးပွဲတို့၊ စာမေးပွဲအစစ်ကြီး (အတန်းတင်စာမေးပွဲ) တို့မှာ တယုတယ ထုတ် သုံးကြရတယ်။ ကျွန်တော်တို့ခေတ်က ကျောင်းသူ၊ ကျောင်းသားတိုင်း မဖြစ်မနေ လုပ်ကြရတာ တစ်ခုရှိတယ်။
အဲဒါကတော့ ထမင်းချိုင့်တွေ ယူလာကြတာပါပဲ။ ဒန်သတ္တုနဲ့ လုပ် ထားတဲ့ ထမင်းချိုင့် ပြားပြားလေးကို ချည်ကြမ်း လက်သုတ်ပဝါ စည်းပြီး ဟင်းတွေ မဖိတ်စဉ်အောင် ဂရုစိုက် ယူကြရတယ်။ စက်ဘီးနဲ့ တက်ရတဲ့နှစ်တွေမှာတော့ စက်ဘီးနောက်က ကယ်ရီယာခုံ မှာ ထမင်းချိုင့်ကို ခိုင်ခိုင်ချည်ပြီး ကျောင်းယူလာခဲ့ကြတယ်။
ထမင်းစား ကျောင်းဆင်းချိန် ရောက်ပြီဆိုတာနဲ့ သူငယ်ချင်း လေးငါးဆယ်ယောက် စုဝေး စားသောက်ကြရတာ ပျော်စရာ ကောင်းတယ်။ သူ့ဟင်းခွက် ကိုယ်နှိုက်၊ ကိုယ့်ဟင်းခွက် သူနှိုက် လက်ဆုံစားခဲ့ရတဲ့ ထမင်းမြိန်မြိန်ဝိုင်းတွေပါပဲ။ စတီးချိုင့်ကြီး၊ ချိုင့်ငယ်တွေနဲ့ အိမ်က လိုက်ကျွေးတယ်ဆိုတာ မရှိခဲ့ဘူး။
စံပယ်တွေ လှိုင်လှိုင်ပွင့်ခဲ့စဉ်က မောင်ဥယျာဉ် ရေးသည်။ ၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆)မှ အမေ့ခံ ဆောင်းပါး မှ ထုတ်နှုတ်ဖော်ပြပါသည်။