CNG ဂတ်စ်ပြတ်တောက်မှု (၇) ရက်ကြာမည်ဟု သတင်းထွက်၊ YBS များ အစီးရေ လျှော့မည်ဟုဆို
ဇောတိက ဂတ်စ်ပိုက်လိုင်း ပေါက်နေလို့ ဂတ်စ်မရဘူးဆိုကာ YBS ယာဉ်များ မထွက်တာကြောင့် အလုပ်ဆင်းတဲ့ ပြည်သူများ အခက်အခဲတွေ့ခဲ့ရပါတယ်။ ပရဟိတ အဖွဲ့များက လူနာတင်ယာဉ်များဖြင့် အိမ်ပြန်နောက်ကျနေသူများကို ကူညီပြီး လိုက်ပို့ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အတည်မပြုရသေးတဲ့ သတင်းတချို့အရ CNG ဂတ်စ်အနေနဲ့ ရန်ကုန်မှာ ၇ ရက်ခန့် ပြတ်တောက်နေဦးမယ်လို့ သိရပါတယ်။ ဇောတိက ဂတ်စ်ပိုက်လိုင်းကို ပိုင်ဆိုင်တဲ့ ထိုင်းကုမ္ပဏီ PTTEP ကတော့ ဂတ်စ် ပြတ်တောက်တဲ့ သတင်းနဲ့ ပတ်သက်ပြီး မည်သည့်အကြောင်းအရာကိုမှ မထုတ်ပြန်သေးပါဘူး။
ဇောတိက ဂတ်စ်ပိုက်လိုင်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင် အသုံးပြုခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ ပိုက်လိုင်း အရှည် ၁၈၆ မိုင်ရှိပြီး ကမ်းလွန် သဘာဝဓာတ်ငွေ့စင်ကနေ တနင်္သာရီတိုင် ကံပေါက်မြို့အထိ ပိုက်လိုင်း ဆက်သွယ်ထားတာ ဖြစ်ပါတယ်။
CNG ရုတ်တရက် ပြတ်တောက်ရတဲ့ အကြောင်းရင်းကို စကစက မကြေညာသေးဘဲ လက်ရှိအချိန်မှာတော့ YBS ဘတ်စ်ကားတွေက အစီးရေ လျှော့ချပြေးဆွဲမယ်လို့ သိရပါတယ်။ YBS ကုမ္ပဏီတစ်ခုဖြစ်တဲ့ GYCT ကုမ္ပဏီက သူတို့ရဲ့ ယာဉ်လိုင်းတွေ အားလုံပြေးဆွဲပေးမှာဖြစ်ပေမယ့် CNG အခက်အခဲကြောင့် ယာဉ်စီးရေ လျှော့ချပြေးဆွဲမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ဗန္ဓုလ ယာဉ်လိုင်းကလည်း CNG အခက်အခဲကြောင့် အစီးရေ လျှော့ပြီး ပြေးဆွဲမယ်လို့ သိရပါတယ်။
ရန်ကုန်က CNG ဆိုင်တွေမှာ YBS ယာဉ်တွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရပြီး ယာဉ်စီးရေမလုံလောက် တာကြောင့် ဇူလိုင်၂၂ရက် ညနေပိုင်း ရုံးဆင်းချိန်မှာ ခရီးသည်တွေ မှတ်တိုင်မှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသလို အိမ်ပြန်ဖို့ အခက်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။ CNG ပြန်ရဖို့ ဘယ်အချိန်ထိ စောင့်ရဦးမလဲ ဆိုတာ မသိနိုင်သေးဘဲ ကောလာဟလ မျိုးစုံ ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။