မန္တလေးက ရတနာပုံ ရွှေနန်းတော်နဲ့ ဘန်ကောက်က ထိုင်းဘုရင့်နန်းတော်တို့ရဲ့ အဓိက ကွာခြားချက်

ကျနော်တို့ရဲ့ ရတနာပုံနေပြည်တော် မန္တလေး နန်းတော်ကြီး။ ဘန်ကောက်က ထိုင်းဘုရင့်နန်းတော်ရာနဲ့ အဖက်ဖက် ဘယ်လိုမှ မယှဉ်သာပါ။

၁၉ ရာစုနန်းတော်ရာအတိုင်းမဟုတ်။ နန်းဆောင်တွေရှိတယ်၊ ဒါပေမယ့် အကုန်လုံးကဟာလာဟင်းလင်းနဲ့ ဟောကြီးအတိုင်းဘဲ။ ဘုရင့်အဆောင်ဆိုလည်း ပြီးပီးရောလုပ်ထားတဲ့ ပလ္လင်တစ်လုံး ၊ သလွန်တစ်လုံး ကလွဲပြီး ဘာမှမရှိ။ ဝတ်စားဆင်ယဉ်မှုအပိုင်း ကြည့်ပြန်တော့ အင်္ကျီတစ်ထည် ပုဝါတစ်ထည်ကလွဲပြီး ဘာမှ မယ်မယ်ရရမရှိ။

ကုန်ကုန်ပြောတော့ မန္တလေး နန်းတော်ရာဆိုတာ အမှတ်သညာကလွဲပြီး ဘာမှ မရှိ။ နန်းမူ နန်းရာမရှိ ၊ နန်းဟန် နန်းမာန်မရှိ။ ပကတိ အခွံသက်သက် ဖြစ်နေတယ်။

ကျနော်တို့ လုပ်ရမှာက နန်းတော်ကို နန်းတော်နဲ့ တူအောင် ပြန်ပြီး လုပ်ရမယ်။ ၁၉ ရာစု ဗိသုကာလက်ရာ ၊ အနုပညာလက်ရာ ၊ ရှေးပစ္စည်းအသုံးဆောင် တွေအပြည့်ပါတဲ့ နန်းမူ နန်းရာကို ပြန်အသက်သွင်းရမယ်။
ရတနာပုံခေတ် မင်းဆက်တွေဖြစ်တဲ့ မင်းတုန်းမင်း နှင့် သီပေါ်မင်းတို့ကို ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ မန္တလေး နန်းတော်ရာဟာ မြန်မာတို့ရဲ့ အမျိုးသားရေး လက္ခဏာအဖြစ် ၊ ယဉ်ကျေးမှု အမှတ်သညာအဖြစ် ပြန်ပြီး လုပ်ယူရပါမယ်။

ဒီလို လုပ်ယူဖို့ အထောက်ထား အကိုးကားတွေ မရှားပါ၊ မှတ်တမ်း ပရပိုဒ်တွေမရှားပါ။ ပညာရှင်တွေလည်း မရှားပါ။ ပြင်ပ ပညာရှင်တွေ ခေါ်ပြီး ဗိသုကာပိုင်း ၊ မြန်မာမှုပိုင်း ၊ အဆောက်ဦးတည်ဆောက်မှု အပိုင်း ၊ ဥယဉ်ခြံမြေ ပန်းမန်ပိုင်း၊ အသုံးဆောင်ပိုင်း ၊ စသဖြင့် စသဖြင့် ပြင်ပညာရှင် များများခေါ်ပြီး အလုပ်အပ်ဖို့ လိုပါမယ်။

တစ်ခုဘဲပြောစရာရှိပါတယ်။ ဒီကိစ္စကို အရေးကြီး နိုင်ငံတော် ပရေဂျစ်အနေနဲ့ သဘောထားပြီး လုပ်စေချင်တယ်။ ရှေးဟောင်း သုတေသ ဦးစီးဌာန တစ်ခုတည်းကို လွဲပေးရုံနဲ့ မပြီးပါ။ ရှေးဟောင်းသုတေသန ဌာနက ညွှန်ချုပ် ၊ ဝန်ကြီး အဆက်ဆက် ဒီအချက်ကို မမြင်တာ အနှစ် ၂၀ ကျော်ကြာခဲ့ပြီးပါပြီ။

ထိုင်းမှာ ခရီးသွားတွေ မဖြစ်မနေ ဝင်ရောက်လည်ပတ်တဲ့နေရာကို ပြပါဆိုရင် ဘန်ကောက်မြို့လယ်ကောင်က ဘုရင့် နန်းတော်ရာပါဘဲ။ နန်းတော်ရာကို ချက္ကရီမင်းဆက်ဖြစ်တဲ့ ပထမ ရာမဘုရင်လက်ထက် ၁၇၈၂ ခုနှစ်မှာ စပြီးဆောက်တယ်။

၁၉၂၅ ခုနှစ်အထိ ချက္ကရီမင်းဆက်တွေရဲ့ အစဉ်အဆက် နန်းတော်ရာဖြစ်ခဲ့တာပါ။ နောက်ပိုင်းနှစ်တွေမှာတော့ ပြတိုက်အဖြစ် ပြောင်းလဲပေးခဲ့တာပါ။ ဘုရင့်အနွယ်တော် နှင့် ဘုရင်ကိုယ်တိုင်က နိုင်ငံတော်ဆိုင်ရာ မင်းခန်းမင်းနား နှင့် ရိုးရာအစဉ်လာ အခန်းနားတွေအတွက်သာ မဖြစ်မနေ နန်းတော်ရာထဲကျင်းပရုံကလွဲပြီး အများပြည်သူ လာရောက်လေ့လာရာနေရာအဖြစ် ဖွင့်ပေးခဲ့ပါသတဲ့။

ဘာကြောင့် ခရီးသွားတွေ နန်းတော်ရာထဲ ဝင်ရောက်လေ့လာဖို့ စိတ်အားထသန်ရသလဲဆိုတာ အတိုခြုံးပြီး ပြောမယ်။ လက်ရှိ နန်းတော်ရာဟာ ၁၈ ရာစု ဗိသုကာ နှင့် အနုပညာလက်ရာတွေအတိုင်းပါဘဲ။

ပဉ္စမ ရာမဘုရင်လက်ထက် ၁၈၇၆ ခုနှစ် မှာ သီဟသနပလ္လင်ဆောင် ထပ်တိုးတာကလွဲရင်ပေါ့။ ပြင်ဆင် ထိမ်းမှုတွေ နှစ်ပေါင်းရာချီပြီး လုပ်ခဲ့ပေမယ့်လည်း ဂရုတစိုက် ပြုပြင်ထိမ်းသိမ်းတာကြောင့် ရှေးလက်ရာအတိုင်း ကျန်နေပါသေးတယ်။

ဘုရင်လက်ထက်ကအတိုင်း လွတ်တော် ၊ ရုံးတော့တော် ၊ မှူးမတ် ၊မောင်းမ မိသာန် ၊ ဘုရင့်အနွယ်တော် ဆွေတော်မျိုးတော်တွေအတွက် အဆောင်တွေ၊ သံတမန် နှင့် နိုင်ငံတကာက ဧည့်တွေအတွက် အဆောင်တွေ ၊ ဘုရင် နှင့် မိဖုရားတွေ အတွက် နန်းဆောင်တော် နှင့် တစ်နိုင်ငံလုံး အထွဋ်မြတ်ထားရာ မြဘုရားအဆောင်တော် စသဖြင့် ရှေးအစဉ်မပျက် နန်းတော်ရာအတိုင်းဖြစ်နေတာကြောင့်လည်း လက်ရှိနန်းတော်ရာဟာ ခရီးသွားတွေ စိတ်ဝင်စားမှုအများဆုံး ၊ လည်ပတ်မှုအများဆုံး နေရာ ဖြစ်နေဆဲပါ။ နန်းတော်ရာအကြောင်းအသေးစိတ်တော့ ဒီနေရာမှာ မပြောလိုတော့ပါ။

၂၀၁၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားဦးရေဟာ သန်း ၃၀ ပြည့်လုနီးပါးဖြစ်ခဲ့တယ်။ ဒီအရေတွက်က တရားဝင်လည်ပတ်သူတွေကိုသာ ဖော်ပြထားတာပါ။ ၂၀၁၆ နှစ် ပထမ လေးလပတ် ( ဧပြီ ၂၀၁၆ ) ခရီးသွားဦးရေဟာ ၉ သန်း ကျော်သွားပါပြီတဲ့။ ၂၀၁၆ တစ်နှစ်လုံးအတွက် ခန့်မှန်းချက်က ခရီးသွား သန်း ၃၀ နဲ့ အထက်မှာ ရှိပါမယ်တဲ့။

၂၀၁၅-၁၆ ကိုအခြေခံပြီး ပြောရရင် ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ခရီးသွားဦးရေကို ပျမ်းမျှ တစ်နှစ်ကို သန်း ၃၀ လို့ ယူကြည့်ရအောင်ပါ။ ဒါဆိုရင် ကျနော်ပြောချင်တာ ဆက်ပြောလို့ရပြီ။

ထိုင်းနိုင်ငံကို လာတဲ့ ခရီးသွားက တစ်နှစ် သန်း ၃၀ ရှိတယ်။ သန်း ၃၀ စလုံးမဟုတ်တောင် သန်း ၂၀ လောက်က စောစောကပြောတဲ့ နန်းတော်ထဲ ဝင်ကြည့်တယ်ဆိုပါစို့ ။ ဝင်ကြေးက ထိုင်းဘတ်ငွေ ၅၀၀ (မြန်မာကျပ်ငွေ ခန့်မှန်း ၂၇၀၀၀ ကျပ် )ပါ။

ခရီးသွား သန်း ၂၀ ကို ဘတ် ၅၀၀ နဲ့မြှောက်ကြည့်တဲ့အခါ ဘတ်ငွေ သန်းပေါင်း တစ်သောင်း ရတယ်။ နန်းတော်ရာ ဝင်ကြေးသီးသန့်။ လက်ဆောင်ပစ္စည်းရောင်းတာ နှင့် အခြားဝင်ငွေမပါသေးဘူး။ ဒီတော့ ထိုင်းမှာ နန်းတော်ရာတစ်ခုတည်းကရတဲ့ ဝင်ငွေဟာ ကျနော်တို့ ဆီက သစ်တောဧကထောင်ပေါင်းများစွာနဲ့ တန်ဖိုးညီမျှတယ် ၊ ဖားကန့် က ကျောက်စိမ်းထွက်ပါတယ်ဆို တောင်ပေါင်းများစွာ ရဲ့တန်ဖိုးနဲ့ ညီမျှသွားတယ်။

ဒါကို စံနမူနာယူပြီး မြန်မာတို့ရဲ့ မန္တလေး နန်းတော်ရာကို တကယ့်နန်းတော်ရာနဲ့ တူအောင် လုပ်ဖို့ဘဲလိုတယ်။ အဲလိုလုပ်ရင် ငွေဝင်ပြီ။ ကျုံးထဲ နန်းတော်ရာထဲ စားသောက်ဆိုင်တွေ ၊ ကစားကွင်းတွေ ၊ ဖျော်ဖြေရေးလုပ်ကွက်တွေ ဘာတစ်ခုမှ လုပ်စရာမလိုဘူး။

Myint Myat Heinn

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page