ရွှေဘိုပေါ်ဆန်းတအိတ် တသိန်းဖြစ်ပြီ (အတက်ပဲ ရှိတော့မယ့် ပြည်တွင်းဆန်ဈေးကွက် အလားအလာ)

ပြည်တွင်း ဆန်စျေးကွက်ထဲ တလအတွင်း ဆန်အမျိုးအစားအလိုက် စျေးနှုန်းတွေက ထပ်မံမြင့်တက်လာနေပြီး လက်လီစျေးကွက်ထဲ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ်တစ်သိန်းဝန်းကျင်အထိ ဖြစ်လာတယ်လို့ ဆန်ဝယ်ယူသူတွေဆီကနေ သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းက ထုတ်ပြန်တဲ့ ဆန်စျေးနှုန်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်နဲ့ အခု စက်တင်ဘာ ဒုတိယအပတ်တို့ နှိုင်းယှဉ်မယ်ဆိုရင် အမျိုးအစားအလိုက် ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀၀ ၀န်းကျင်လောက် ထပ်မံမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလ ဒုတိယအပတ်မှာတော့ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ၆၇၀၀၀ ကျပ်၊ တောင်ပျံတစ်အိတ်ကို ၇၂၀၀၀ ကျပ်၊ ရက်၉၀ တစ်အိတ်ကို ၅၂၀၀၀ ကျပ်နဲ့ မြောင်းမြပေါ်ဆန်းတစ်အိတ်ကို ကျပ် ၇၀၀၀၀၊ တောင်ပျံတစ်အိတ်ကို ကျပ် ၇၀၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၉၃၀၀၀ အထိ ဆန်အသင်းက ထုတ်ပြန်တဲ့စျေးမှာတင် ထပ်မံမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဆန်စျေးနှုန်း မြင့်တက်နေတဲ့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းက ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှာ သက်သာတဲ့စျေးနှုန်းနဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချပေးနေပြီး ဆန်စျေးတက်ချိန် ထုတ်ရောင်းပေးနိုင်ဖို့ အရန်ဆန်စီမံကိန်းလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆန်တင်ပို့မှုများကို ထိန်းချုပ်ကန့်သတ်မယ့် အိန္ဒိယ၏ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများကို မြင့်တက်စေဖွယ်ရှိလာနေပြီး အဓိက ဆန်တင်ပို့သူ နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာတို့တွင် ဆန်ဈေးနှုန်းများက မြင့်တက်လိမ့်မည် ဖြစ်ကြောင်း ကုန်သည်များနှင့် ဆန်စပါးဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ဆန်ကွဲတင်ပို့မှုများအပေါ် ပိတ်ပင်ပြီး ဆန်အမျိုးအစား အမျိုးမျိုး ပြည်ပတင်ပို့မှုများအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရာသီဥတု မတည်ငြိမ်ဘဲ မိုးခေါင်ရေရှား ဖြစ်ပေါ်မှုကြောင့် စိုက်ပျိုးမှုအပေါ် လျော့ကျစေခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးသော ဆန်စပါး တင်ပို့သူနိုင်ငံဖြစ်သည့် အိန္ဒိယသည် ထုတ်လုပ်ဖြည့်ဆည်းမှုများကို တိုးပွားစေရန်နှင့် ပြည်တွင်းဈေးနှုန်းများကို တည်ငြိမ်စေရန် ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ နိုင်ငံတကာ ဆန်စပါးအရေး လေ့လာသူတွေက ဆိုပါတယ်။

အိန္ဒိယက ဆန်တင်ပို့မှု ကန့်သတ်လိုက်ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးများ မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်များက သုံးသပ်နေကြပါတယ်။ မြန်မာနိင်ငံအနေနဲ့ ပြည်ပသို့ ဆန်တင်ပို့မှုကို မထိန်းချုပ်နိုင်ပါက ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ မြန်မာ့ကျပ်ငွေ တန်ဖိုး လျော့ကျမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေတဲ့အချိန်မှာ ကမ္ဘာ့ဈေးကွက် အခြေအနေကြောင့် ဆန်ဈေးနှုန်း ဆက်လက် မြင့်တက်လာနိုင်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page