စကစက ဒေါ်လာ မလဲပေးတာကြောင့် စားအုန်းဆီ ပြတ်၊ ဈေးကွက်အတွင်း ရောင်းစရာလုံးဝ မရှိတော့

အာဏာသိမ်း စကစက ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကြောင့် ဈေးကွက်အတွင်း စားအုန်းဆီ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

စားအုန်းဆီတွေဟာ စစ်ကောင်စီက ဒေါ်လာငွေ ထိန်းချုပ်ထားတာ၊ ပြည်ပကနေ စားအုန်းဆီ တင်သွင်းခွင့် ကန့်သတ်ထားတာအပြင် တင်သွင်းခွင့် ပါမစ်တွေ မချပေးတော့တဲ့အတွက်ကြောင့် ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေပါတယ်။

အခုလို ကန့်သတ်ချက်တွေကြောင့် ဈေးကွင်းအတွင်း စားအုန်းဆီ ပြတ်လပ်နေတာ ၂ ပတ်နီးပါးထိ ရှိလာပြီ ဖြစ်ပါတယ်။ စာအုန်းဆီ ပြတ်လပ်နေတဲ့အတွက်ကြောင့် ဈေးကွက်အတွင်း ဈေးနှုန်း ကမောက်ကမ ဖြစ်နေပြီး လတ်တလောမှာ ဟင်းသီးဟင်းရွက်ဆီတွေကိုသာ အရောင်းအဝယ် ပြုလုပ်နေရတယ်လို့ စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ဒေါ်လာကို ကန့်သတ်ချင်တဲ့ အတွက်ကြောင့် သူတို့က ပြည်ပက တင်သွင်းတဲ့ ကျွန်တော်တို့ ဒီဟာတွေကို သူတို့ ခဏ ကန့်သတ် ထားတာပေါ့နော်၊ အခုဟာက ဆီဈေးက ဈေးကွက်ထဲမှာ စားအုန်းဆီ ကန်ဆီလို့ ခေါ်တဲ့ဟာက ဈေးကွက်ထဲမှာ ပြတ်နေတာက (၇)ရက် တစ်ပတ် ကျော်သွားပြီး (၂) ပတ်နီးနီး (၂) ပတ်ဆိုတော့ (၁၄) ရက် နီးနီးကို ဖြစ်နေပြီး၊ ကျွန်တော်တို့ အခု ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ဟာတွေ ဆိုတာက Vegetables Oil တွေကို ဖောက်ပြီးတော့ ရောင်းနေရတာပေါ့နော် သွန်ပြီးတော့ တကယ့်တကယ် လာတဲ့ စားအုန်းဆီ ကန်ဆီဆိုပြီးတော့ လာတဲ့ ဟာတွေက ဈေးကွက်ထဲမှာ ပြတ်နေတာ ကြာပြီ”လို့ ဆိုပါတယ်။

စားအုန်းဆီတွေ ပြတ်လပ်နေတာကြောင့် ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန် မြင့်တက်လာသလို လာမယ့် လပိုင်းတွေအတွင်း စားအုန်းဆီ ရှားပါးတဲ့ ပြသနာနဲ့ပါ ထပ်မံ ကြုံတွေ့လာရနိုင်တယ်လို့ စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

စားအုန်းဆီ ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်း မသိမ်းခင်က တစ်ပိဿာကို ကျပ် ၂၄၀၀ သာ ရှိခဲ့ရာမှ စစ်တပ်အာဏာသိမ်းတဲ့ အချိန်ကနေ အခုနှစ် ဇွန်လအတွင်း တစ်ပိဿာ ကျပ် ၈၀၀၀ ထိ ဈေးနှုန်း အဆမတန် မြင့်တက်လာတာပါ။

မြန်မာနိုင်ငံမှာ ပြည်တွင်းစားသုံးဆီ လုံလောက်မှု မရှိတဲ့အတွက် ပြည်ပနိုင်ငံတွေကနေ နှစ်စဉ် ဆီတန်ချိန် သောင်းနဲ့ချီ တင်သွင်းနေရတာ ဖြစ်ပါတယ်။

စားသုံးဆီတွေကိုတော့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကနေ အဓိက တင်သွင်း ရောင်းချတာပါ။ စားသုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ၄ ဆ နီးပါးထိ စံချိန်တင် ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရန်ကုန်ဈေးကွက်အတွင်းမှာ စားအုန်းဆီ တပိဿာကို ၉၀၀၀ ကျော် ရှိနေပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာတော့ တပိဿာကို ၁၀၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page