ဘုရင်မကြီးရဲ့ နန်းစဉ်ရတနာနဲ့ ပတ္တမြားငမောက်ဂျင်းအကြောင်း ဖွင့်ချလိုက်တဲ့ ကျောက်မျက်ပညာရှင်တဦး

ရှင်းရှင်းလင်းလင်း သိထားရမယ့် ပတ္တမြားငမောက် ဆိုသောယုံတမ်း၊ အဲလိဇဘက် ၂ ဘုရင်မကြီး ကံကုန်တော့ ငမောက်အကြောင်းတွေ ကြွက်ကြွက်ညံလာတယ်။ ထုံးစံအတိုင်း ချဲ့ကားခြင်းက စတယ်။

အင်္ဂလန်ဘုရင်မကြီးနဲ့ သံအဖွဲ့ ဦးကောင်းတို့ မိုးကုတ်ကျောက်တွင်းကို ရောင်းလိုက်တဲ့စာချုပ်အကြောင်းဆိုပဲ။ မင်းတုန်းမင်းက စာချုပ်ဖျက်ချင်တယ်။ စကြာဒေဝီက ပရိယာယ်သုံးတယ်။ ယောအတွင်းဝန်ဦးဘိုးလှိုင်ကို ခေါ်တိုင်ပင်တယ်။ ငမောက်အပါအဝင် နန်းစဉ်ပတ္တမြားသုံးလုံးကို အသုံးပြုခွင့်ပေးဖို့ လျှောက်တယ်။

အင်္ဂလိပ်ကိုယ်စားလှယ်တွေရောက်တော့ တရုတ်ရာဖြတ်ကို ခေါ်ဖြတ်မယ်ပေါ့။ အသေးဆုံးကို စ ပြတယ်၊ ဂွမ်းနဲ့ အုပ်ပြတယ်၊ အရောင်တောက်နေတယ်၊ ဂွမ်းတစ်ပိဿာအုပ်လိုက်မှ အရောင်ပျောက်တယ်။ ဘယ်လောက်တန်လဲမေးတယ်၊ တစ်တိုင်းပြည်တန်တယ်လို့ ပြောတယ်၊ နောက်တစ်လုံးကို အဲ့ဒီအတိုင်း လုပ်ပြတယ်။ ဂွမ်းသုံးပိဿာအုပ်မှ အရောင်မှိန်သွားတယ်။ စျေးဖြတ်ခိုင်းတော့ သုံးပြည်ထောင်တန်တယ်ပြောတယ်၊

ငမောက်ကို ထုတ်ပြတယ်။ ဂွမ်းခုနှစ်ပိဿာ အုပ်ပြတယ်၊ စူးပြီးတောက်နေသေးတယ်။ ရာဖြတ်က မပြောခင် အင်္ဂလိပ်တွေက အရင်ပြောတယ်။ဘုရင်မကြီးကို ပြန်ပြောပါရစေ၊ တန်ဖိုးကြီးမြင့်လွန်းလို့ ခုနှစ်ပြည်ထောင်မကတန်နေလို့ ပြန်တိုင်ပင်ပါရစေလို့ လျှောက်တယ်။ အဲ့ဒီအခါမှာ ယောအတွင်းဝန်ဦးဘိုးလှိုင်က စာချုပ်ကို ဖြဲပစ်လိုက်တယ်။ စာချုပ်သက်တမ်းကုန်လေပြီ ဆိုပြီး ခပ်တည်တည်ပဲ ဆွဲဖြဲလိုက်တယ်။

ပတ္တမြားဆိုတာ အလင်းရောင်ရှိမှ အဲ့ဒီအလင်းထဲက မမြင်ရတဲ့ခရမ်းလွန်ရောင်ခြည်ကို သူ့ထဲမှာပါတဲ့ Chromium ခရိုမီယမ်ဒြပ်စင်က မြင်ရတဲ့အနီရောင်အလင်းအဖြစ်ပြောင်းပေးလို့ အနီတကာ့ အနီဆုံး အရောင်အဖြစ် ရှိနေရတာ ဖြစ်တယ်။ ဒါကို fluorescence လို့ခေါ်တယ်။ ကျောက်မျက်ပညာအခြေခံမှာ ဒါကိုအရင်ဆုံးသင်ယူရမယ်။

ဒီတော့ ဝါဂွမ်းကို အလင်းရောင်ဖောက်နိုင်သလား၊ ကလေးတောင်သိတဲ့ ယုတ္တိ။ ပတ္တမြားဆိုတာ light emitting source လို့ခေါ်တဲ့ အလင်းလွှတ်ဝတ္ထုမဟုတ်ဘူး။ reflecting body လို့ခေါ်တဲ့အလင်းပြန်ဝတ္ထုပဲ။ သူ့အရောင်ရဲနေဖို့အတွက် အလင်း (light source) လိုတယ်။ အလင်းမရှိရင် အမှောင်ထဲမှာ ပတ္တမြားဆိုတာ မီးသွေးတုံးပဲ။

ဝါဂွမ်းတစ်ခုလုံးနီရဲပြီး အလင်းရောင်ဖောက်ထွက်တယ်ဆိုတာ အဲ့ဒီကျောက်တွေတင်ထားတဲ့ ကလပ်အောက်မှာ LED မီးလုံးအပြင်းစား သို့မဟုတ် ဓာတ်တိုင်မှာ ထွန်းတဲ့ မာကျူရီမီးလုံးကြီး အောက်ကနေ ထွန်းထားမှ ဒီလိုမြင်ရမယ်။ ကျန်သေးတယ်၊ အင်္ဂလန်က သရဖူက အနီလုံးကြီးကိုလည်း ငမောက်ဆိုပြီး စွပ်စွဲကြတယ်၊ အမျိုးသားရေးသမားတွေသိပ်ကြိုက်တာပေါ့။ အာပေါင်အာရင်းသန်သန် သိပ်ကြွားလို့ကောင်းတာ။ လက်သီးလက်မောင်းတန်းပြီးကို ပြောတာ။ တကယ်က ဒီလို။

၁၃၆၇ ခုနှစ်တုန်းက ဘာဒက်ရှန်ကျောက်တွင်းက ထွက်တဲ့ဒီကျောက်ကြီးကို အဲ့ဒီခေတ်က ဘုရင်က အင်္ဂလန်ဘုရင်ကို လက်ဆောင်ပေးလိုက်တာ၊ အခုခေတ်လိုဆိုရင် တာဂျစ်ကစ္စတန်နိုင်ငံပေါ့။ ခုထိကျောက်တွေထွက်နေပါသေးတယ်။ ၁၇၀ဘကာရက်ရှိတယ်။ Cullinan 2 စိန်ပွင့်ကြီးရဲ့အထက်ကပ်လျက်မှာ မြှုပ်ထားတယ်။ လုံးချောကြီးပေါ်မှာ အာရေဗစ်စာတွေ ထွင်းထားသေးတယ်၊ ကြိုးတပ်ဆွဲဖို့ဆိုတော့ အပေါက်တစ်ခုပါတယ်၊ သရဖူထဲကျ အဲ့အပေါက်က မလှမပဆိုတော့ ပတ္တမြားအပွင့်သေးတစ်ပွင့်တပ်ပြီး အပေါက်ပိတ်ထားတယ်။

ဒီလောက်ကြီးပြီးလှတာ ငမောက်ကြီးလားဆိုပြီး တော်ဘုရားကလေးကအစ ခုထိစွပ်စွဲတယ်။ Black Prince Ruby လို့နာမည်ပေးလိုက်တော့ ပိုဆိုးရော။ အဲ့ဒီတုန်းက အနီရောင်ကျောက်မှန်သမျှကို ruby လို့ခေါ်ကြတာ။ ဖြစ်ချင်တော့ သိပ္ပံတွေထွန်းကားလာတဲ့အခါ အဲ့ဒီကျောက်ကြီးကို စစ်ဆေးကြည့်တယ်။ Spinel အညံ့နီကျောက်ဖြစ်နေတယ်။ အမျိုးသားရေးသမားများက ခုထိမလျှော့။

နန်းစဉ်ရတနာတွေထဲမှာ ငမောက်ပါတယ်ပြောတယ်၊ ဘယ်သူမှ မမြင်ဘူးသလို ဘယ်သူ့မှာ ဘာပုံရှိတယ်၊ဘယ်အရွယ်ရှိတယ် တိတိကျကျ မသိ။ ရတီကိုးဆယ် ပြောလိုက်၊ ပြန်ပြင်သွေးပစ်တယ် ပြောလိုက်၊ ဒီလောက်အကြီးကြီးကို လက်စွပ်လုပ်ပြီး ဝတ်ထားတယ် ပြောလိုက်၊ လက်စွပ်မကွင်းရသေးဘူး ဒီအတိုင်းထားတယ်ပြောပြီး ပွတ်ပေးရင် ဝက်ခြံတင်းတိပ်ပျောက်တယ် ပြောလိုက်နဲ့ ရှုပ်ရှက်တွေခတ် ပွစာကျဲနေတာ။

ပုံပြင်တွေကတော့ ရှယ်ကို တိတိကျကျနဲ့ ပြောကြတယ်၊ အင်္ဂလိပ်ခေတ်က ဇာတ်ကလို့ သိပ်ကောင်းတယ်။ ချင်းကလေးဖဝေးတို့ ရွှေနန်းကြင်တို့ စောမွန်လှတို့နဲ့ ခေတ်ပြိုင်ဖြစ်လောက်အောင် ဇာတ်ကရင် သိပ်ပေါက်တယ်။ ဒေါ်နန်းကြည့်လို့ နန်းကြည့်တောင်၊ အလောင်းစင်ထားလို့ လောင်းစင်ရွာ၊ ရေနဲ့ဝေးလို့ ရေဝေးကနေ ရေဝေရွာ ဘာညာသာရကာ စုံနေအောင်ဇာတ်နာပြကြတယ်။ ဒါတွေကမှ အင်္ဂလိပ်စနက်စစ်စစ်။ မြန်မာဘုရင်ကို ရက်စက်ကြမ်းကြုတ်သူဖြစ်အောင် ဇာတ်တွေကပြီး နာပြကြတယ်၊ အင်္ဂလိပ်ဂျင်းကို မြန်မာက မိဿလင်ပြန်လုပ်တယ်။ ခုထိ ငမောက်ကို တသသပဲ။

ကျန်သေးတယ်။ နဝတခေတ်က ငမောက်တွေ့တယ်ဆိုပြီး ကောလင်းဝန်းသိုဘက်မှာ စသုံးလုံးတွေရော ထောက်လှမ်းရေးတွေရော ပွက်လောရိုက်သွားတယ်၊ ခင်ညွှန့်ကလည်း ငမောက်သာ ရှာတွေ့ရင် နာမည်ကြီးမယ်ဆိုတော့ အစွမ်းကုန်သုံးပြတယ်၊ ကျောက်မျက်ပညာရှင်တွေရော ဘာတွေရော စစ်ဆင်ရေးတွေလုပ်ပြီး ငမောက်သိမ်း စစ်ဆင်ရေးလုပ်တယ်။ ရေတွင်းပျက်ထဲက ရတယ်လို့ ဆိုတယ်။ ‌ေ-နတ်တွေနဲ့ အိမ်ကိုဝိုင်းပြီး ကျောက်အပ်ခိုင်းတယ်၊ တစ်ရွာလုံးကို ပွက်ပွက်ရိုက်လို့။

ကြည့်လိုက်တော့ အတုံးကြီးက သိပ်လှတယ်။ ရဲတောက်နေတာပဲ၊ ဒါနဲ့ပဲ ကျောက်သိမ်းသဘင်လုပ်မယ်ဆိုပြီး စစ်ကြစမ်းဆိုတော့ ဖန်တုံးကြီးဖြစ်နေတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကလည်း ငမောက်ဆိုပြီး ဟော့သေးတယ်။ မနည်းချိန်းပြီး သွားကြည့်ရတယ်။ အစောင့်တွေများချက်။ သေချာပြီဆိုတော့ပြတယ်၊ သိပ်လှတဲ့ကျောက်ကြီး၊ နီရဲချက်ကလည်း ရက်စက်တယ်။ တန်ဖိုးတောင် မဖြတ်နိုင်လောက်ဘူး။ သေချာကြည့်ကြည့်တော့ အထဲမှာ လေပူဖောင်းတွေ တန်းစီလို့။ ကျောက်ကတန်လွန်းတော့ စျေးမဖြတ်ရဲဘူးဆိုပြီး အားနာနာနဲ့ ပြန်ပေးလိုက်ရတယ်၊ မြန်မြန်ပြေးရသေးတယ်။ တော်ကြာသူ့ချက်ကျောက်ကြီးတစ်ခုခုဖြစ်ရင် အမှုပတ်မစိုးလို့။

အရင်ခေတ်တွေအစဉ်အဆက်က ခိုးထုတ်ကြတဲ့ ကျောက်စိမ်းတွေပတ္တမြားတွေရဲ့တန်ဖိုးက ငမောက်တန်ဖိုးရဲ့အပြန်တစ်သိန်း အဆတစ်ကုဋေ မကတော့ဘူးလေ။ ဒါမျိုးကျ သာသနာပြုသားပဲ ဘာညာနဲ့ ဂျင်းစိမ်းတုံးကြီးဝါးပြီး ဇွတ်ကြိတ်မှိတ်မျိုသိပ်နေကြတယ်။ ခိုးခဲ့ကြတာ လူတိုင်းအသိ၊ ယုံတမ်းမဟုတ်ဘူး၊ ဒဏ္ဍာရီ မမည်ဘူး။ နောက်ဆုံးတော့ ကာနယ်စလေဒင်ကပဲ သီပေါဆီကနေ တောင်းပြီးသိမ်းထားသလိုလို ဖြောင်လိုက်သလိုလိုထပ်ပြောကြပြန်တယ်။ ခုထိ သဲလွန်စတစ်ခုလေးတောင်မတွေ့။

ငမောက်ရဲ့ ကျန်တဲ့တစ်ခြမ်းရဲ့ ရာဇဝင်ကလည်း တရုတ်ရောက်တယ်သာ ပြောတယ်၊ ဘယ်တရုတ်မှတ်တမ်းထဲမှာမှ မရှိ၊ ကျောက်လည်း မရှိ။ တောင်အာဖရိကတို့ အိန္ဒိယတို့ စိန်ကြီးတွေ ပြန်တောင်းကြတာက တကယ်ရှိတယ်၊ လူတိုင်းသိတယ်။ ငမောက်အကြောင်းတကယ်သိချင်ရင် သီပေါမင်းဆီ တိုက်ရိုက်လိုက်သွားမေးကြ။ (Moe Zaw)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page