ဈေးထဲက ၁၅၀ တန်ငံပြာရည်ဘူးနဲ့ ၂၀၀ တန် ငါးပိရည်တွေအကြောင်း ဖွင့်ချလိုက်တဲ့ လုပ်ငန်းရှင်တဦး

ဒါတွေမြင်တိုင်း ရင်နာတယ် ငါတို့နိုင်ငံက အတော်သဘောကောင်းတာဘဲ ငါးပိ၊ ငံပြာရည်ကအစ နိုင်ငံခြားက တံဆိပ်မျိုးစုံနဲ့ သွင်းကြတယ်။ သူတို့နိုင်ငံကြတော့ ကျုပ်တို့အစားအစာ ဘာဆိုဘာမှ လက်မခံဘူး သူတို့နိုင်ငံသားတွေ မစားအောင် မျိုးစုံတားဆီးထားကြတယ်။

ဒါတွေမြင်တိုင်း တော်တော် စိတ်ထဲ အဆင်မပြေတာ… ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်တော့ မည်သူမပြု မိမိမှုဘဲဗျ။ ကျန်တာတော့ မသိဘူး ကိုယ့်လိုင်းထဲက ငါးပိ၊ ငံပြာရည်၊ ငါးခြောက်၊ ငရုတ်သီးမှုန့် ပြည်တွင်းထုတ် တံဆိပ်ထဲကဆို ကျနော်စားရဲတာ အရမ်းနည်းတယ်၊ ဘာလို့မစားရဲလဲဆို မမြင်ဝံ့လောက်အောင်ကို ထုတ်လုပ်မှုက မသမာကြလို့ဘဲ။

အခြေခံလူတန်းစားအတွက် ထုတ်တဲ့ ထုတ်ကုန် တော်တော်များများက ​ ငြ​င်းမရလောက်အောင် အဲ့အတိုင်းထုတ်ထားကြတယ်။ ကြာလာတော့ ကာစတန်မာနဲ့ ပြည်တွင်းထုတ်ကုန်တွေကြား ယုံကြည်မှု လျော့လာတယ်။ ပိုက်ဆံနည်းနည်းတတ်နိုင်တာနဲ့ ပြည်တွင်းထုတ်ကန်ကို ငြင်းကြပါလေရော။ သည်ကထုတ်တာ မကောင်းဘူး သည်ကထုတ်တာ စိတ်မချရဘူး ဖြစ်လာကြရော၊

အဲ့တော့ နိုင်ငံခြားပစ္စည်းအားကိုးရတာ ဘယ်ဆန်းမလဲ ကိုယ့်ဟာတွေက ယုံမှ မယုံရတာ။ ဒါနဲ့ ဝယ်လိုအား ပေါ်မူတည်ပြီး ကိုယ့်နိုင်ငံက အကုန်ထွက်ရဲ့နဲ့ သွင်းကုန် တွေက ဦးဆောင်နေကြပါရောလား။ တစ်ခုဘဲ အခြေခံလူတန်းစား စားကုန်အထိကြတော့ သွင်းကုန်တွေက မတိုးနိုင်ကြပြန်ဘူး။ ဘယ်တိုးနိုင်မလဲ စျေးတွေက ငံပြာရည်တစ်ဘူး ၁၅၀ တို့၊ ငရုတ်သီးတစ်ထုပ် ၁၀၀တို့၊ စျေးထဲမှာ ၂၀၀ ဖိုးဆို ငါးပိရည်တစ်ခွက်ရတယ်တို့။

အခြေခံ လူတန်းစား စားနိုင်အောင် သန့်သန့်ရှင်းရှင်းထုတ်ဖို့ကကြ ငံပြာရည် တစ်ပုလင်း စျေးကွက်ထဲအရောက် ၁၅၀ ဒါဆို ဘူးဖိုး ၅၀ လေဘယ်ခ ၁၀ ဖြန့်ချိရေးခ၊ ဆိုင်ကအမြတ်တင်ခ၊ ကဲ ဘယ်မလဲ ငံပြာရည်ဖိုး? ငါးပိရည် ၂၀၀ဖိုး ငါးပိရည်ကျို တစ်ဆယ်သား ဘယ်စျေးလဲ ၄၀၀ ကနေ ၁၀၀၀ အထိစေျး ရှိမယ်။ တစ်ဆယ်သားကိုကျိုလို့ အရိုးကျပြီး တစ်ခွက်စာရမလား? ငရုတ်သီးဖိုး၊ အချိုမှုန့်ဖိုး၊ နည်းနည်းတွက်ကြည့်ကြနော်။ တစ်ခွက်ကို ၂၀၀ ဖိုးရတယ်ဆိုတာ ဘာတွေလဲ ဘယ်လိုလဲ?

ငါတို့စားနေကြရတာ ဘာတွေလဲ? ငံပြာရည်ဆို ကောက်ရိုးဖျော်ရည်၊ ဆားဖျော်ရည်၊ သကြားတူးရည် နဲ့ ဝယ်လိုအား သာရာ အဆိပ်ခတ်လိုက်ကြတာပေါ့၊ ပိုက်ဆံရရင်ပြီးရော ဆိုတာမျိုး လုပ်လိုက်ကြတယ် ကိုယ်ထုတ်တဲ့ ထုတ်ကုန် ကိုယ်ပြန်စားရဲလား မေးကြည့်။

အခြေခံလူတန်းစားက အရမ်းသနားဖို့ကောင်းတယ်၊ စျေးပေါတာတွေ သုံးရင်း မိမိကိုယ်ကို အဆိပ်ခတ်လို့ ခတ်နေမှန်းမသိ ခတ်ခံနေရတာ၊ လမ်းဘေးစာ ကြိုက်တဲ့၊ ဆိုင်စာ ကြိုက်တဲ့ ကျုပ်တို့လည်း မလွတ်ဘူးနော်။ တနေ့က လမ်းဘေးက မုန့်ဟင်းခါးစားပြီး အောက်သွေး၉၀ကေျာ် အပေါ်သွေး ၁၄၀ ကေျာ်ဖြစ်ပြီး ခေါင်းတွေထိုးတက်၊ မျက်နှာတွေပါအမ်းလာရော။ မုန့်ဟင်းခါးမှာ ငါးပြုတ်၊ ပဲနဲ့၊ ငံပြာရည်၊ အချိုမှုန့် ဘဲ ပါတာ ဖြစ်စရာက ငံပြာရည်နဲ့ အချိုမှုန့်ဘဲ ရှိမယ်။

ကျုပ်တို့လည်း သည်ဘေးက မလွတ်ကြပါဘူး၊ သည်မသမာမှု ထုံစံကြီး အမြစ်ပြတ်မှသာ ကျုပ်တို့လည်းလွတ်မှာ။ ကျနော်ကြိုးစားဦးမယ် အခြေခံလူတန်းစား စားနိုင်တဲ့စျေးနဲ့ ဘယ်လိုသန့်ရှင်းတဲ့ စားသောက်ကုန်မျိုး ထုတ်ပေးနိုင်မလဲ ဆိုပြီး။

အရမ်းခက်မှာဖြစ်ပေမယ့် သူတို့နိုင်ငံက မီးဖိုချောင်တွေမှာ ကျုပ်တို့ ထုတ်ကုန် တွေရှိလာအောင် ကြိုးစားဦးမယ်။ သည်ခေတ်အခြေအနေနဲ့ မသေခင် မြင်ခွင့်ရသွားရင်ဘဲ မဆိုးဘူး ပြောရမယ်။ စိတ်ထဲရှိတာတွေ ချရေးလိုက်ရလို့ ပေါ့သွားပြီ။ အားလုံးအဆင်ပြေတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေခင်မျာ။ (Zin Ye Naung)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page