ကမ္ဘာနဲ့ အနီးကပ်ဆုံး ရောက်လာမယ့် အင်္ဂါဂြိုဟ်နဲ့ ဒီဇင်ဘာလအတွင်း အာကာသထူးခြား ဖြစ်စဉ်များ
၂၀၂၂ ခု ဒီဇင်ဘာလအတွက် အာကာသဖြစ်စဉ်များ၊ နတ်တော်-ပြာသို (ဒီဇင်ဘာလ) အတွင်းမှာတော့ အင်္ဂါဂြိုဟ် (မားစ်) နဲ့ တနင်္လာဂြိုဟ် (လ) တို့ ပူးထပ်ခြင်း၊ ကြယ်မိုးတို့ဘုရင် ကြယ်ကြွေခြင်းဖြစ်စဉ်များနဲ့ ဒက္ခိဏ ယဉ်စွန်းခြင်းဖြစ်မည့် အချိန်များက စောင့်ကြိုနေကြပါတယ်။
အင်္ဂါဂြိုဟ် (မားစ်ဂြိုဟ်) ဟာ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကမ္ဘာနဲ့ အနီးဆုံး ပတ်လမ်းကြောင်းနေရာဖြစ်တဲ့ ၀.၅၄ နက္ခတ်ယူနစ် (မိုင်ပေါင်းသန်း ၅၀) အကွာအဝေးသို့ ရောက်ရှိလာမှာဖြစ်ပါတယ်။ ၄င်းအပြင် နတ်တော်လပြည့် (အမှန်) ဖြစ်တဲ့ ဒီဇင်ဘာလ (၈) ရက်မှာ နေနဲ့ ဆန့်ကျင်ဘက်အရပ်တည့်တည့်သို့ ရောက်ရှိလာမှာဖြစ်တဲ့အတွက် အနီရောင် အင်္ဂါဂြိုဟ်ကို ကျနော်တို့ တညလုံး လင်းလက်တောက်ပစွာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ပြိသရာသီမှာ ပြည့်မည့် နတ်တော်လပြည့်သည်လည်း အင်္ဂါဂြိုဟ်နှင့် တထပ်တည်း ကျရောက်နေခြင်းကြောင့် ဒီဇင်ဘာ (၈) ရက်နေ့ မှာ လဟာ အင်္ဂါဂြိုဟ်ကို ဖုံးကွယ်သွားမှာ ဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှာတော့ လနှင့် ဂြိုဟ် နီးကပ်ခြင်းကိုသာ မြင်ရမှာဖြစ်ပြီး ဖုံးကွယ်ခြင်းဖြစ်စဉ်ကိုတော့ မမြင်ရနိုင်ပါ။)
ကြယ်မိုးတို့၏ ဘုရင်လို့ တင်စားခေါ်ဆိုလေ့ရှိတဲ့ မေထုန်ရာသီကြယ်မိုး (Geminid Meteor Shower) ကတော့ ဒီဇင်ဘာလ ၁၃ ည (၁၄ မနက်) မှာ အများဆုံး ကျဆင်းမှာဖြစ်ပါတယ်။ မေထုန်ရာသီဟာ လက်ရှိ အင်္ဂါဂြိုဟ်ရောက်နေတဲ့ ပြိသရာသီနဲ့ နီးလို့ ရှာဖွေရလွယ်ကူပါတယ်။ ပုံမှန်အားဖြင့် နံနက်ခင်း (၂) နာရီခန့်မှာ အများဆုံးကျဆင်းလေ့ရှိပြီး တစ်နာရီကို အလုံး ၁၂၀ ခန့် ကျဆင်းနိုင်ပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၁၃ မိနစ်မှာတော့ ကမ္ဘာ့ တောင်ယဉ်စွန်းတန်းပေါ်သို့ နေရောင်ခြည်တည့်မတ်စွာ ကျရောက်ခြင်းနှင့်အတူ ဆောင်းရာသီသို့ ကူးပြောင်းခြင်းဖြစ်စဉ် ဖြစ်ပေါ်မှာပါ။ ဒက္ခိဏ (တောင်) ယဉ်စွန်းခြင်း လို့လည်း ခေါ်ဆိုကြပါတယ်။ ကျနော်တို့ နေထိုင်ရာ မြောက်ကမ္ဘာခြမ်းမှာ နေ့တာတိုပြီး ညတာ ရှည်လာတော့မှာပါ။
အခြားဖြစ်စဉ်တွေမှာတော့ ညနေကြယ် (ဗီးနပ်စ်) (ခ) သောကြာဂြိုဟ်ဟာ နေ ရဲ့ အနောက်ဘက်ကနေ ပြန်ထွက်လာတော့မှာဖြစ်လို့ ဒီဇင်ဘာ လကုန်ရက်များမှာ ဗီးနပ်စ်ဂြိုဟ်ကို အနောက်အရပ်မှာ စ မြင်တွေ့ရတော့မှာပါ။
ညဦးပိုင်းအချိန်မှာ လင်းလက်စွာမြင်နေရတဲ့ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ် ကတော့ ဒီဇင်ဘာ ၂ ရက် နဲ့ ၂၉ ရက်တို့မှာ လ နဲ့ နီးကပ်စွာ ရှိနေပါမယ်။ ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ) ကိုလည်း ညနေခင်း နေဝင်ပြီးစ အချိန်များမှာ သောကြာဂြိုဟ် (ဗီးနပ်စ်) နှင့်အတူ အနောက်ဘက် မိုးကုတ်စက်ဝိုင်းထိပ်မှာ မြင်တွေ့ရနိုင်ပါတယ်။ အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)