မြစ်ကြီးနားမှာ ငွေတု သိန်း ၈၀ ကျော်နဲ့ ငွေတုထုတ်စက်ပါ ဖမ်းမိ (အတုမရှိဘူးလို့ ငြင်းရဲကြသေးလား)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ၈ ရက်က ငွေတုကျပ်သိန်း ၈၀ ကျော် ၊ ငွေတု ထုတ်လုပ်သည့် စက်များ နှင့်အတူ အမျိုးသားသုံးဦးအားဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ငွေတုများ သုံးစွဲနေကြောင်း သတင်းရရှိတာကြောင့် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ ပိုင်လင်းထွေး (အသက် ၂၃ နှစ်)နဲ့ အတူနေ ပိုင်စိုးသူ (အသက် ၂၇ နှစ်) တို့ကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ ကျပ်ငွေတစ်သောင်းတန် အစစ်တစ်ရွက် အတု ၂၇ ရွက်၊YOMA BANK စာတမ်းပါ စာရွက်ဖြင့် ဖုံးအုပ်ထားသည့် တစ်သောင်းတန် အတု အရွက် ၁ဝဝပါ လေးအုပ်၊ ငါးထောင်ကျပ်တန် အတု အရွက် ၁ဝဝပါ တစ်အုပ်၊ ဖုန်း နှစ်လုံး သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဆက်လက် စစ်ဆေးချက်အရ တအိမ်တည်းအတူနေသူ အောင်သူရ (အသက် ၂၁ နှစ်) နှင့်အတူ လုပ်ဆောင်ခဲ့ပြီး ငွေတုများ ဆက်လက်ကျန်ရှိနေသေးကြောင်း သိရသဖြင့် သက်သေများနှင့်ဖမ်းဆီးရာ ဖုန်းတစ်လုံး၊ YOMA BANK စာတမ်းပါစာရွက်ဖြင့် ပတ်ထားသည့် တစ်သောင်းတန် ၁၅ ရွက်တစ်အုပ်၊ ၈၇ ရွက်ပါ တစ်အုပ်၊ အရွက် ၉ဝ ပါ တစ်အုပ်၊ အရွက် ၁ဝဝပါနှစ်အုပ် တို့ကိုလည်းကောင်း၊ ငွေတုပြုလုပ်ရာတွင် အသုံးပြုသည့် အပ်ဆွန် စာတမ်းပါ ပရင်တာ တစ်လုံး၊ အဖုံးအတွင်း Scan ဖက်စဉ် အသုံးပြုသည့် တစ်သောင်းကျပ်တန် ငွေစက္ကူအစစ်တစ်ရွက်၊ A4 ဆိုဒ်အဖြူရောင်စာရွက် ငါးဆယ်ပါ တစ်အိတ်၊ ဆက်စပ် ပစ္စည်းများဖြစ်သည့် ဒါး၊ ရောင်စုံသားရေကွင်း၊ စတီးပေတံ၊ စာရွက်ဖြတ်စက်၊ မီးကြိုးများ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ငွေစက္ကူအတုများကို ထုတ်လုပ်ပြီး အသုံးပြု/ဖြန့်ဝေရန် လက်ဝယ်တွေ့ရှိသူများကို ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅၊၁၀၆ တို့ဖြင့် အမှုဖွင့်နိုင်ရန် စီစစ်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ထို့ပြင် သြဂုတ်လ ၂၄ ရက်နေ့ကလည်း ငွေတု ၁၆ သိန်းကျော်ကို ပူတာအိုမြို့တွင် တရားခံ တစ်ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပါတယ်။

စကစဖက်မှ ဝါဒဖြန့်ချိရေးမှူး ဇော်မင်းထွန်းက ဈေးကွက်ထဲမှာ ငွေတုတွေ မရှိပါဘူး ပြောပေမယ့် လက်ရှိအချိန်မှာ ပရင်တာနဲ့ တနိုင်တပိုင် ထုတ်နေတဲ့ ငွေအတု‌တွေတောင် အများအပြား ထွက်ပေါ်လာနေပြီး စနစ်တကျ ထုတ်လုပ်ထားတဲ့ ငွေအတု မည်ရွေ့မည်မျှ ဈေးကွက်ထဲ ရောက်နေတာကို ဘယ်သူမှ မပြောနိုင်ပါဘူး။ ပြည်သူတွေအနေနဲ့ မိမိလက်ထဲ ရောက်လာတဲ့ ငွေတွေကို အတတ်နိုင်ဆုံး စိစစ် လက်ခံပြီး သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page