မြန်မာပြည်သူ သန်း (၂၀) မွဲသွားမယ့် အလုံးစုံစီးပွားပျက်ကပ်မှာ ရှင်သန်ကျန်ရစ်နိုင်မယ့် နည်းလမ်း (၆) ခု

နာဂစ်ကပ်ဖြစ်တယ်ဆိုတာ ဧရာဝတီ ဘက်တခြမ်းထဲ ဖြစ်တာ ဖြစ်တဲ့အတွက် ကျန်ဒေသတွေက ဝိုင်းဝန်းထူမလို့ရတယ်။ အခု စီးပွါးပျက်ကပ်က သဘာဝကပ်နဲ့မတူ။ ထိခိုက်ပုံက တပြည်လုံး အတိုင်းအတာ ဖြစ်မယ်။

ကူညီမယ့် INGO တွေဟာလည်း မအလနဲ့ MOU ဘာညာ ထိုးမှ ကူနိုင်တာ ဖြစ်လို့ ကူလာသူ နည်းပါးမယ်။ ဒါ့ကြောင့် ကိုယ့်ခွန်ကိုယ်အားနဲ့ ကြံ့ကြံ့ခံဖို့ လိုမယ်။ အခု ၂၀၂၂ နှစ်ဝက်မှာ မြန်မာပြည်သူ သန်း ၂၀ ဟာ ဆင်းရဲမွဲတေတဲ့ အဆင့် လျောကျသွားပြီလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတယ်။ အဲဒါ အခု ပိုဆိုးတော့မယ်။ တွေးမိတာလေးတွေ ချရေးကြည့်တာ။ သဘောတူချင်မှတူ။ ရှင်သန်ဖို့ ကျော်ဖြတ်ဖို့

(၁) စား၊ ဝတ်၊ နေရေး နဲ့ အနာဂတ် ခိုင်မာတဲ့ ဓနဥစ္စာ (ရွှေ၊ မြေ) စုတာကလွဲရင် ကျန်တဲ့ အလှအပ၊ အီလက်ထရောနစ် ပစ္စည်း ဘာညာ မလိုပဲ မဝယ်စေချင်ပါ။ အခုအချိန်က ကြွားဖို့ အချိန်မဟုတ်ပဲ ရုန်းကန်ရမယ့်အချိန်ပါ။ အဝတ်အစားကို ဘရန်းထက် ပြည်တွင်းထုတ်၊ သက်သာခိုင်ခန့်တာ ဝယ်သင့်တယ်။ အလှအပ မပြင်ရ မနေနိုင်ရင် သဘာဝ ပစ္စည်းနဲ့ စကင်းကဲတာမျိုး လုပ်သင့်တယ်။

(၂) ကျန်းမာရေးနဲ့ တတ်နိုင်သမျှ ညီညွတ်အောင် စားသင့်တယ်။ အသားတပတ်တခါ စားနိုင်အောင် ကြိုးစားသင့်တယ်။ အသားမစားနိုင်ရင် ပဲအမျိုးမျိုး၊ ကြက်ဥ စားသင့်တယ်။ ဆီက ပဲဆီ၊ အသီးအရွက်ဆီ စားသင့်တယ်။ စားအုန်းဆီ တတ်နိုင်သမျှ ရှောင်သင့်တယ်။ ဆီက လျော့စားလေ ကောင်းလေ ဆိုတော့ ဆီနည်းနည်းနဲ့ ချက်တတ်အောင် ကျင့်သင့်တယ်။

ဆီပုလင်းအဖုံး အပေါက်ဖောက် သုံးတာမျိုးပေါ့။ အသီးအရွက်များများစား။ အိမ်မှာ မြေရှိရင် တနိုင်တပိုင် စိုက်ပါ။ မခက်ပါဘူး။ အချဉ်တည်တာ၊ ဆားစိမ်တာ၊ ယိုထိုးတာ ကိုယ့်ဘာသာကိုယ် လုပ်ကြည့်။ ထမင်းစားရင် အာဟာရစုံအောင်ထည့်ပါ။ စျေးကြီးရမယ် မဆိုလို။

(၃) လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်တာ ဆေးရုံဆေးခန်းသွားမယ့်စရိတ် ခြွေတာရာရောက်တယ်။ စိတ်ကျတာ ဘာညာ အတွက်လည်း ကောင်းတယ်။ ဂျင်သွားမှမဟုတ်၊ လမ်းလျောက်၊ ဒိုက်ထိုး၊ ကိရိယာလွတ် အိမ်မှာလုပ်ရတာလေးတွေ ရှိသားပဲ။

(၄) ပျင်းလို့ ရှော့ပင်ထွက်တာမျိုး၊ မလိုပဲ ဝယ်တာမျိုးတွေ မလုပ်ပါနဲ့။ ရှော့ပင်ထွက်မယ့်အစား လှူပါ။ အများကြီး မလှူနိုင်တောင် အိမ်နီးချင်းတွေကို အသားဟင်းချက်ပို့ပါ။ (ဘယ်သူတွေ အငတ်ခံနေတယ် ဆိုတာ သိရတာ မဟုတ်) များများ လှူနိုင်ရင် အစားအစား၊ အဝတ်အထည် လှူပါ။ အိမ်မှာ မဝတ်ဖြစ်တာတွေ(အစုတ်မဟုတ်) ကို လှူပါ။

(၅) အလုပ်ပိုလုပ်ပါ။ အပိုဝင်ငွေ ရနိုင်တာ လုပ်တတ်တာ ရှိရင် လုပ်ပါ။ အိတ်ထိုးတာ၊ လက်မှုပစ္စည်းလေးတွေ လုပ်တာ၊ ချဉ်ဖတ်တည်ရောင်းတာ၊ ဒါတွေက ရှက်စရာ မဟုတ်ပါ။ မိသားစု လူကုန် အချိန်ပို မထားပဲ အလုပ် လုပ်နိုင်ရင်ကောင်းပါတယ်။

(၆) လမ်းသွားရင် အဖိုးတန်တာ မသယ်ပါနဲ့။ ရွှေငွေ မဝတ်ပါနဲ့။ အပို ပက်ဆံ မထည့်နဲ့။ လူပြတ်တဲ့နေရာတွေရှောင်ပါ။ ညနက်အောင် မနေနဲ့။ အလုခံရတာ ဘာညာ ဆို တန်ဖိုး အရှိဆုံးက ကိုယ့်အသက်ဆိုတာ အမြဲ သတိထားပါ။ အိမ်မှာလည်း သော့ခလောက်၊ cctv မီးထွန်းတာ စတဲ့ လုံခြုံရေး အစီအမံတွေ ပြန်စစ်ပါ။ (သက္ကမိုးညို)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page