စားအုန်းဆီဈေးကို စကစ တိုးမြှင့် သတ်မှတ် (တပိဿာ တသောင်းကျော်ဖို့ သေချာသွားပါပြီ)

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဩဂုတ်(၁၅)ရက်ကနေ (၂၁)ရက်အထိ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး ရန်ကုန်အထိုင်ဈေးအဖြစ် တစ်ပိဿာကို ကျပ် ၄၁၄၀ သတ်မှတ်လိုက် တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီဈေးနှုန်းဟာ ပြီးခဲ့တဲ့တစ်ပတ်ကဈေးနှုန်းနဲ့ယှဉ်ရင် တစ်ပိဿာကို ၆၁၅ကျပ်နှုန်း ဈေးတက်လာတာဖြစ်ပါတယ်။ ဗဟိုဘဏ်ကတစ်ဒေါ်လာရည်ညွှန်းဈေးကို ကျပ်၂၁၀၀ သတ်မှတ်လိုက်ပြီးတဲ့နောက်ပိုင်း စက်သုံးဆီဈေးတွေတက် လာသလို စားအုန်းဆီဈေးတွေပါတက်လာတာပါ။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဈေးကွက်အတွင်းမှာ ရောင်းဝယ် ဖောက်ကားရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတွေကို အပတ်စဉ် ကြေညာပေးနေပေမယ့်လည်း တကယ်တမ်း လက်လီဈေးကွက်အတွင်းမှာတော့ ဈေးနှုန်းမြင့်တင် ရောင်းချမှုတွေရှိနေပါတယ်။

ဒီနေ့ဩဂုတ် ၁၅ ရက်နေ့မှာ ရန်ကုန်လက်လီဈေးကွက်အတွင်း ရောင်းချနေတဲ့ စားအုန်းဆီ ဈေး နှုန်းတွေဟာ တစ်ပိဿာ ၈၈၀၀ ကျပ်ကနေ ၉၀၀၀ ကျပ်မှာ ရှိနေတယ်လို့ သိရပါတယ်။ သန်လျင်မြို့နယ်မှာတော့ စားအုန်း ဆီ တစ်ပိဿာကို ကျပ် ၉၅၀၀ ပေးရတယ်လို့ ပြောပါတယ်။ မြို့ခံ တစ်ဦးက “ ပိဿာလိုက်တောင် ဝယ်လို့မရဘူး။ ရေသန့်ဗူးနဲ့ပဲ တစ်ယောက် ကို တစ်ဗူးပဲ ရောင်းတယ်။ တစ်ပိဿာဈေးက ကျပ် ၉၅၀၀” လို့ ပြောပါတယ်။

စားသုံးဆီ ကြီးကြပ်ရေးအသင်းက တပိဿာကို ကျပ် ၄၁၄၀ သတ်မှတ်လိုက်ပါက ပြင်ပမှာ စားအုန်းဆီ တပိဿာကို ကျပ်တသောင်း ကျော်သွားနိုင်တယ်လို့ ဈေးကွက် ပညာရှင်များက မှတ်ချက်ချပါတယ်။

စားအုန်းဆီတင်သွင်းခွင့် ချပေးပေမယ့် ဒေါ်လာ ရောင်းမပေးတော့ သွင်းကုန် လုပ်ငန်းရှင်များအနေနဲ့ အခက်အခဲ ဖြစ်နေကြောင်း၊ ပြင်ပ ဒေါ်လာဈေးနဲ့ ဝယ်သွင်းပါကလည်း လုံးဝ မကိုက်ကြောင်း၊ အဲဒါကြောင့် လုပ်ငန်းရှင်တွေ ဘာမှ မသွင်းဘဲ ထိုင်နေပါက စားအုန်းဆီ ပြတ်လပ်မှု ပိုမို ဖြစ်လာနိုင်တယ်လို့ ပညာရှင်များက ပြောပါတယ်။

လက်ရှိအချိန် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ခွဲတမ်းနဲ့ ရောင်းချပေးနေတဲ့ စားအုန်းဆီတွေကို ပြည်သူတွေက ကြိတ်ကြိတ်တိုး ဝယ်ယူနေကြပြီး စူပါမားကက်နဲ့ စတိုးဆိုင်တွေမှာလည်း စားသုံးဆီတွေကို ခွဲတမ်းနဲ့သာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page