ရုရှားဓာတ်ဆီတွေကို မြန်မာကျပ်ငွေနဲ့ တိုက်ရိုက် ဝယ်ယူခဲ့ဟု အကြံကုန် စကစ ထုတ်ပြန်

ရုရှားနိုင်ငံက စက်သုံးဆီတွေ ထပ်မံရောက်ရှိလာဖို့ ရှိတယ်လို့ စကစ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။ ရုရှားနိုင်ငံကနေ စက်သုံးဆီ တန်ချိန် သုံးသောင်း တင်ဆောင်လာတဲ့ သင်္ဘောတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၄) ရက်က ပထမအသုတ်အဖြစ် ရောက်ရှိခဲ့ပြီးနောက် ထပ်မံ ရောက်လာဖို့ ရှိနေတာလို့ သူက ပြောပါတယ်။

ပထမအသုတ်ရောက်ရှိလာတဲ့ စက်သုံးဆီတွေကိုတော့ အဓိက အစိုးရဌာနဆိုင်ရာတွေကို ဦးစားပေး ရောင်းချတာ ရှိပြီး နောက်လာမယ့် စက်သုံးဆီတွေကိုတော့ စက်သုံးဆီကုမ္ပဏီတွေကို ရောင်းချပေးဖို့ ရှိတယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံကနေ စက်သုံးဆီ ဘယ်လောက်ထပ်မံ ဝင်ရောက်ဖို့ ရှိလဲဆိုတာတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ရုရှားနိုင်ငံကနေ စက်သုံးဆီဝယ်ယူတဲ့အခါမှာ နှစ်နိုင်ငံငွေကြေး စီးဆင်းမှုနဲ့ တိုက်ရိုက်ပေးချေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကျပ်ငွေနဲ့ တိုက်ရိုက် ဝယ်တာလား၊ ရုရှားသုံး ငွေကြေး ရူဘယ်ကို ဝယ်ပြီး ပေးချေတာလားဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ရုရှားဆီတွေ လာပေမယ့် မြန်မာငွေတန်ဖိုး လျော့ကျနေသရွေ့တော့ စက်သုံးဆီဈေးက ဘယ်တော့မှ ကျမှာ မဟုတ်ကြောင်း၊ ကျပ်ငွေအပေါ် ယုံကြည်မှု မရှိတော့ခြင်းက ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ်စေပြီး ကုန်ဈေးနှုန်း အဆမတန်တက်လာတာဖြစ်ကြောင်း၊ ရုရှားက ဘယ်မှာမှ သုံးမရတဲ့ မြန်မာပိုက်ဆံ တသောင်းတန်တွေ ယူပြီး သူ့ဆီတွေ အလကားပေးမယ်လို့ အခုထိ ထင်နေကြသေးလားလို့ စက်သုံးဆီ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သင်္ကြန်ပြီးကတည်းက ဂယက်အမျိုးမျိုးထပြီး တဟုန်ထိုးတက်ခဲ့တဲ့ စက်သုံးဆီ ဈေးနှုန်းဟာ လက်ရှိအချိန်မှာ အတက်ဖက်ကိုသာ ဦးတည်နေပြီး တလီတာ ၂၃၀၀ အောက်ကို လုံးဝ ပြန်မရောက်နိုင်တော့ဘူးလို့ ဈေးကွက် ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်နေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page