ဘရူနိုင်းအစိုးရက သူ့နိုင်ငံသားတွေကို ပေးထားတဲ့ အခွင့်အရေးများအကြောင်း (အားကျစရာပါပဲ)

မြန်မာပြည်မှာ လူဖြစ်တာ ကံကောင်းတယ် (၁)။ အဲဒီလို ယူဆထားတာကြာပါပြီ။ ရှေးခေတ်လူကြီးတွေပြောတာ နားထဲစွဲနေပြီး ။ အဟုတ်မှတ်နေခဲ့တာကိုး။ ခုခေတ်လူငယ်တွေကြားလို့ ကတော့ ဟာ အန်ကယ်လည်း ဂျင်းမိနေတာကိုးလို့ ခေတ်စကားနဲ့ ဝေဖန်လိမ့်မယ်ထင်ပါတယ်။

ပြီးခဲ့တဲ့ ၂လက ဘရူနိုင်းလ် ရောက်တယ်။ တလကျော်ကြာနေခဲ့တယ်။ သူတို့လူနေမှုဘ၀ကို သွားရင်းလာရင်း လေ့လာကြည့်တယ်။ နေနေကြတဲ့သူတွေကို မေးကြည့်တယ်။ ဂူးဂဲထဲမှာ Questions တွေရိုက်ကြည့်ပြီး အဖြေတွေကို ဖတ်တယ်။ ဘရူနိုင်းလ်ပြည်သူတွေရဲ့ ဘ၀အနေအထားကို အတန်အသင့်တော့ သိလာတယ်။

အစ္စလာမ်နိုင်ငံဖြစ်တယ်။ လူဦးရေနည်းတယ်။ ၄သိန်း၀န်းကျင်ဘဲရှိတယ်။ ရေနံထွက်တယ်။ ဘုရင်အုပ်ချုပ်တယ်။ ဘုရင်နဲ့ ဘုရင့်မိသားစုတွေကြွယ်၀ချမ်းသာတယ်။ ပြည်သူပြည်သားတွေကိုလည်း ပြန်ကြည့်တယ်။ ပြည်သူပြည်သားတွေက ဘုရင်ကို ချစ်ကြတယ်။ ဘုရင့်မိသားစုကို လေးစားကြတယ်။

သာမာန်လူတယောက်အနေနဲ့ သာမာန်တွေ့ရ သိရသလောက်ကိုဘဲ ပြန်ပြောပြပါ့မယ်။ ဘရူနိုင်းလ်မှာ လူဖြစ်ရတာ ကံကောင်းတယ်။ အိမ်ထောင်စုတစုမှာ နေဖို့ အိမ်လိုမယ်။ နေတဲ့ အိမ်မှာ ရေဖိုး မီးဖိုးကုန်မယ်။ နိုင်ငံက နိုင်ငံသားတွေ အိမ်၊ မြေ၀ယ်လိုရင် အတိုးမဲ့ ချေးပေးတယ်။ ရေဖိုးက အခမဲ့၊ နိုင်ငံတော်က ပံ့ပိုးပေးတယ်။

လျှပ်စစ်မီး က Prepaid System၊ အိမ်မှာရှိတဲ့ မီတာဖတ်တဲ့နေရာမှာ Phone Bill ဖြည့်သလိုဖြည့်လိုရတယ်။ ကဒ်ပြားလေး၀ယ်၊ ခဲခြစ်၊ ပေါ်လာတဲ့ နံပါတ်တွေကို ကိုယ့်အိမ်ရဲ့ မီတာဖတ်တဲ့ LCD Screen လေးမှာ သူ့အညွှန်းအတိုင်း ရိုက်ဖြည့်လိုက်ယုံပါဘဲ..။ ပြီးရင် သုံးစွဲဖို့ ဘယ်နှစ်ယူနစ်ကျန်သေးလဲ ဆိုတာပါစစ်လို့ရပါတယ်။ ကျွန်တော်တို့ ဆီမှာPhone Bill လက်ကျန်စစ်သလိုပါဘဲ။

သွင်းထားတဲ့ငွေ မကျန်တော့ရင် လျှပ်စစ်မီးက Auto ဖြတ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ ဆီမှာလို မီတာဖတ်တဲ့စာရေးတွေ၊ မီတာခ ကောက်ခံတဲ့ ရုံးတွေ မလိုတော့ပါဘူး။ လူအင်အား သောင်းနဲ့ချီပြီး လုပ်ရမဲ့ အလုပ်ကို Software နဲ့ Programme နဲ့ လုပ်သွားတာပါ။

မိသားစု ၅ ဦးလောက်ရှိတဲ့အိမ် အဲယားကွန်း ၂လုံး တနေ့ကို ၈ နာရီလောက်သုံးမယ်။ ရေချိုးခန်း ရေပူစက် ရံဖန်ရံခါသုံးမယ်။ လျှပ်စစ်မီး အတန်အသင့်သုံးမယ်။ ထမင်းကို Hot Plate နဲ့ ချက်မယ်။ တလကို ဘရူနိုင်းဒေါ်လာ ၇ ဒေါ်လာလောက်ကျသင့်ပါတယ်။ ဒေါ်လာ ၂၀ ကဒ်၀ယ်ပြီး Electric Bills ဖြည့်ထားရင် ၃လ သုံးလို့ရပါတယ်။ နိုင်ငံတော်က ပန့်ပိုးပေးထားဟန်တူပါတယ်။

ပညာရေး၊ နိုင်ငံသားတိုင်း ပညာရေး အခမဲ့ပါ။ ထူးချွန်လို့ နိုင်ငံခြားတက္ကသိုလ်များတက်ရင်လည်း နိုင်ငံတော်က ထောက်ပံ့ပေးပါတယ်။ လုံလုံလောက်လောက် ထောက်ပံ့ပေးတာပါ။ ပညာသင် ပြီးရင်တော့ နိုင်ငံအတွက် ဘယ်နှစ်နှစ်ပြန်အလုပ်လုပ်ပေးရမယ်ဆိုတာမျိုးတော့ ရှိပါတယ်။

ဒါပေမဲ့ တဖက်က ပြန်တွေးရင် ပညာလည်း အခမဲ့သင်ရတယ်။ ပြန်လာတော့လဲ ထိုက်တန်တဲ့ အလုပ်နဲ့ သင့်တင့်တဲ့ လစာ က အဆင်သင့် ဖန်တီးပေးထားတယ် လို့ တွေးယူလို့ရပါတယ်။ ပေးတဲ့ လစာက အခြေခံအလုပ်သမားအဆင့်အတွက် ဘရူနိုင်းလ် ၁ထောင်လောက်ရပြီး မိသားစုဖူလုံပါတယ်။

အလယ်အလတ်တန်းစား ၀န်ထမ်းတွေက ၃ ထောင်နဲ့ ၅ ထောင်ကြားရပါတယ်။ အဆင့်မြင့်ရာထူးတွေကတော့ ဒေါ်လာ ၈၀၀၀ နဲ့ တသောင်း အထက်တွေပေါ့။ နိုင်ငံခြားက ပညာသင်ပြန်လာမှတော့ အလယ်အလတ်တန်းစား လစာတော့ ပေးမှာ သေချာပါတယ်။ နိုင်ငံသား မိဘတွေဟာ မိမိသားသမီးများ ပညာရေးအတွက် ပူပင်ရတာ ကြောင့်ကြရတာ မရှိပါဘူး။ ကလေးပညာရေးအတွက် စုထားမှ၊ ရှာထားမှ ဆိုတာမျိုး မလိုအပ်ပါဘူး။

ကျန်းမာရေး၊ နိုင်ငံသားတိုင်း ကျန်းမာရေးကုသမှု အခမဲ့ပါ။ ဆေး အစ၊ ကုသမှု အဆုံး အားလုံးနီးပါး နိုင်ငံတော်က တာ၀န်ယူပါတယ်။ ဆေးရုံများကလည်း အဆင့်မြင့်ပါတယ်။ အိုစာ မင်းစာ၊ မတ်တပ်စာ တုံးလုံးစာလေး စု ဆောင်းထား မှ ဆိုတာမျိုး မလိုအပ်ပါဘူး။

အလုပ်နဲ့ အိမ် ခရီးသွားခြင်း၊ ဘတ်စကားရှိပါတယ်။ သုံးစွဲသူနည်းပါတယ်။ အခမဲ့ပါ။ ကိုယ်ပိုင်ကား များ တပတ်ရစ်ဖြစ်ရင် အင်မတန်စျေးသက်သာပါတယ်။ ကေအိုင်အေ ၂၀၁၂ မော်ဒယ် ဆလွန်း ဘရူနိုင်းလ် ဒေါ်လာ ၆၅၀၀ ပါ။ စင်ကာပူလို COE သက်တန်းမရှိပါ။ ရန်ကုန်မှာ မမြင်နိုင်တော့တဲ့ တိုယိုတာ ကော်ရိုလာ ၁၉၈၂၊ ၁၉၈၄ ကားလေးတွေလည်း လမ်းပေါ်မှာပြေးနေတုန်းပါ။ အဲ ကားပြင်ဆင်စားရိတ်တော့ ကြီးတယ်လို့ သိရပါတယ်။

ဓါတ်ဆီက ၁လီတာကို ပြား ၅၀ ပါ။ စင်ကာပူမှာဆို ၃ ဒေါ်လာလောက်ရှိမယ်ထင်ပါတယ်။ တချို့အိမ်များမှာ ကား ၆စီး ၊ ၁၀စီး စသည်ဖြင့် ရှိနေတာကို သတိပြုမိပါတယ်။ မိသားစုတွေ တယောက်တစီး စီးကြတယ်လို့ ယူဆရပါတယ်။ ခြံ၀န်း အကျယ်ကြီးတွေသာ တွေ့ရတာမို့ ၊ မြေစျေးလည်း သက်သာဟန်တူပါတယ်။

ဟင်းသီးဟင်းရွက်များ သူ့၀င်ငွေ၊ သူ့နိုင်ငံစျေးနဲ့ဆို သက်သာပါတယ်။ ငါး၊ ရေထွက်ကုန် လည်း သက်သာပါတယ်။ မိသားစု ၄ယောက် ရှိတဲ့အိမ် မီးဖိုး၊ ကားဆီဖိုး၊ အစားအသောက် ကုန်ကျစားရိတ် ဒေါ်လာ ၅၀၀ နဲ့ ၈၀၀ ကြားဆို လုံလောက်ပါတယ်။

နံစီကတုတ်လို့ခေါ်တဲ့ ထမင်းရယ် ကြက်သား တတုံးရယ် ဟင်းအနှစ်လေးရယ် ရောထားတဲ့ ထမင်းတထုတ်ကို ၁ ဒေါ်လာဘဲ ကျသင့်ပါတယ်။ နွမ်းပါးလည်း အခြေခံလူတန်းစားလဲ ထမင်းငတ်စရာမရှိပါဘူး။ နိုင်ငံသားများ အသက် ၆၀ ပြည့်ရင် နိုင်ငံတော်က တလကို ဒေါ်လာ ၃၀၀ ပေးပါတယ်။ ၀န်ထမ်းဖြစ်ခဲ့သည် ဖြစ်စေ။ မဖြစ်ခဲ့သည်ဖြစ်စေ ထောက်ပံ့တာပါ။

စားရေး၊ နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အိုရေး၊ နာရေး စိတ်အေးရတာမို့ သူ့နိုင်ငံသားတွေ သောကနည်းပါးကြတယ်လို့ မြင်ပါတယ်။ တရားဥပဒေစိုးမိုးလို့ စိတ်အေးချမ်းလုံခြုံကြပါတယ်။ အောက်ခြေယန္တရားမှာ Corruption မရှိပါဘူး။

လူတွေရဲ့ စိတ်ထား ကလည်း ကျွန်တော်တို့နဲ့ မတူပါဘူး။ အေးရာ အေးကြောင်းပါဘဲ။ အလုပ်လုပ်ရာမှာလည်း ဖြေးဖြေးနဲ့ သက်တောင့်သက်သာဘဲ အလုပ်လုပ်ကြပါတယ်။ မလောပါဘူး။ လောဘ မကြီးပါဘူး၊ အပြိုင်အဆိုင် လည်း နည်းပြီး ရောင့်ရဲကြတယ်လို့ ယေဘူယျ သုံးသပ်လို့ရပါတယ်။

ပတ်၀န်းကျင်အနေအထားအရ သူတို့မှာ လောဘ ဒေါသ မောဟ ၊ ငါဆိုတဲ့ အတ္တ ၊ မာန နည်းပါးကြပါတယ်။
မျက်နှာလေးတွေကြည့်လိုက်ရင် သောကတွေ မတွေ့ရပါဘူး။ ကျွန်တော်တို့ ပတ်၀န်းကျင်က မြင်နေကြ မျက်နှာတွေနဲ့ မတူပါဘူး။ အေးချမ်းမှု မြင်ရပါတယ်။ လူတိုင်း လို့ မပြောရဲပေမဲ့၊ အများစု က အဲဒီ စိတ်ထား စိတ်သဘောသဘာ၀ ရှိပါလိမ့်မယ်။

မြန်မာနိုင်ငံမှာတော့ ပူရ ပင်ရ သောကများရ၊ ရှေ့ရေး နောက်ရှေး တွေးဆ ရ၊ မိုးကောင်းတုန်း မီးလာတုန်း ရေခံရ၊ မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းတယ် ဆိုတာကို ဘရူနိုင်းလ် နဲ့ ယှဉ်ပြီး တွေးနေမိပါတယ်။ မနက်ဖြန် စင်ကာပူက အသက် ၆၀ ကျော်လူကြီးများ ကို နိုင်ငံတော်က ဘယ်လို အလုပ်တွေဖန်တီးပေးထားလည်း ဆိုတာလေး ပြောပြပါဦးမယ်။ ဘရူနိုးလ်မှာ တဒင်္ဂ အမြင်လေးပါ။ ထဲထဲဝင်ဝင် မလေ့လာထားပါ။ အပေါ်ယံ ဖျတ်ကနဲ အမြင်မျိုးပါ။ ဦး၀င်းအောင် (CTPE)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page