တချိန်က နာမည်ကြီးခဲ့တဲ့ မြန်မာ့ကုမ္ပဏီကြီးများရဲ့ နေဝင်ချိန် (ဝန်ထမ်းတွေရဲ့ အားကိုးရာမဲ့ ဘဝများ)

လက်ရှိအချိန်မှာ နိုင်ငံစီးပွားရေး ပြိုလဲမှုကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး ပြည်သူလူထု အနေနဲ့ ကျပ်တည်းမှုကို ခါးစည်းခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အပြင်စီးပွားရေး လုပ်နေတဲ့သူတွေ သာမက လခစား များအနေနဲ့လည်း ဝင်ငွေ တိုးမလာဘဲ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ကို အလူးအလဲ ခံနေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အရှိဆုံး ၂၀၁၀ – ၂၀၂၀ ကာလအတွင်းမှာ အများအပြား ဖွင့်လှစ်ခဲ့တဲ့ ကုမ္ပဏီတွေဟာ ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေး ပြိုလဲမှု ဒဏ်တွေ ခံရပြီး ပြန်လည် ပိတ်သိမ်းနေရပြီ ဖြစ်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှပ်နှုံမှုတွေလည်း ပြန်လည် ထွက်ခွာသွားသလို အကျိုးတူ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေလည်း တခုပြီး တခု ဆုတ်ခွာသွားတာကြောင့် အဆိုပါ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေလည်း အလုပ်မရှိတဲ့ အနေအထားကို ရောက်ရှိနေကြပါတယ်။

ယင်းကဲ့သို့ ဖြစ်နေတဲ့အချိန်မှာ ဝန်ထမ်းဆိုတာ ပိုင်ရှင်သူဌေးရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ ဒီလို အချိန်မှာ လစာ တိုးမတောင်းသင့်ဘူးဆိုတဲ့ အယူအဆတွေလည်း ပျံ့နှံ့လာပါတယ်။ ဒါပေမယ့် မည်သို့ပင် စဉ်းစားကြည့်ပါစေ။ စားဝတ်နေရေး ကျပ်တည်းနေတဲ့ ဝန်ထမ်းက လူအများစု ဖြစ်ပြီး အလုပ်မဖြစ်ဘူးလို့ ညည်းနေတဲ့ သူဌေးကတော့ အခြေအနေ မပျက်ဘဲ ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ လခစား ဝန်ထမ်းတွေ မည်မျှလောက် ဒုက္ခရောက်နေရတဲ့ အကြောင်းကို ဝန်ထမ်းပေါင်း ထောင်ကျော်ကို လစာ မပေးနိုင်တဲ့ မီဒီယာ ကုမ္ပဏီကြီး တခုကို ဥပမာ ပေးပြီး ဖောက်သည် ချချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ မီဒီယာလောကမှာ ဦးဆောင်နေတယ်လို့ သတ်မှတ်နိုင်တဲ့ အဆိုပါ ကုမ္ပဏီကြီးဟာ ၂၀၂၀ ခုနှစ် ကိုဗစ်ဖြစ်ကတည်းက ဝန်ထမ်းတွေရဲ့ လစာကို ရာခိုင်နှုန်းနဲ့ လျှော့ချခဲ့ပြီး ၂၀၂၁ မေလမှ စတင်ကာ ဝန်ထမ်း အများအပြားကို လစာ လုံးဝ မပေးတော့ဘူးလို့ သိရပါတယ်။ ကုမ္ပဏီကြီးအနေနဲ့ ဝန်ထမ်းများကို လျှော့ချခြင်း ပြုခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ အလုပ်သမား ဥပဒေနဲ့ လျော်ကြေး အများအပြား ပေးရမှာ ဖြစ်တာကြောင့် အလုပ်လည်း မထုတ်၊ လစာလည်း မပေး၊ အလုပ်လည်း မခိုင်းဘဲ ဝေ့လည်ကြောင်ပတ် ပုံစံနဲ့ နားလှည့်ပါးလှည့် လုပ်ပြီး ဆက်သွားနေတာကို တွေ့ရပါတယ်။

အလုပ်ရှိလို့ လစာ ရနေတဲ့ သူတွေအနေနဲ့လည်း လစဉ် လစာ မရရှိဘဲ တလနဲ့ တလခွဲ ကြာပြီးမှသာ လစာ ရရှိတယ်လို့ သိရပါတယ်။ ဝန်ထမ်းများအနေနဲ့လည်း ၁၀ နှစ်ကျော်ကြာ လုပ်လာတဲ့ သံယောဇဉ်ကြောင့် ဆက်လက် လုပ်ကိုင်နေရကာ ဝန်ထမ်းကတ်သာ ရှိပြီး ဝန်ထမ်းနာမည် ခံထားပေမယ့် လစာမရ၊ အလုပ် မလုပ်ရ၊ အဆက်အသွယ် မရတာတွေကြောင့် စိုးရိမ် ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေ ကြတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ အနေအထားမျိုး ကုမ္ပဏီကြီး အတော်များများမှာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဝန်ထမ်းကို အလုပ်ဖြုတ်ပစ်ရင်လည်း ပေးရမယ့် လျော်ကြေးများပြားခြင်း၊ လုပ်ငန်းဆက်လက် လည်ပတ်ရင်လည်း အရှုံးပေါ်နေခြင်း၊ ဘာမှ မလုပ်ဘဲ ထိုင်နေရင်လည်း စရိတ်ကုန်ကျခြင်း စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

ကုမ္ပဏီကြီးတွေ အနေနဲ့ ဒီလို အခြေအနေအတိုင်း ဘယ်ကာလအထိ ဆက်သွားမှာလဲ၊ ဘယ်လို ဆက်သွားမှာလဲ ဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်တဲ့ အချိန်ကို ရောက်ရှိနေပါပြီ။ ဝန်ထမ်း တချို့တဝက်ကို‌ လျော်ကြေးပေးပြီး လျှော့ချမလား၊ ရာခိုင်နှုန်း အနည်းငယ်လျော့ပြီး လစာ ပေးမလား စတဲ့ သင့်တော်တဲ့ နည်းလမ်းတွေကို ရွေးချယ်မှသာ သစ္စာရှိစွာ လက်တွဲလုပ်လာခဲ့တဲ့ ဝန်ထမ်းတွေကို ထောက်ထားရာ ကျမယ်လို့ HR အကြံပေး တဦးက သုံးသပ်ပါတယ်။

ဝန်ထမ်းတွေ အနေနဲ့လည်း ဒီလိုကုမ္ပဏီမျိုးမှာ ဆက်လက် အလုပ်လုပ်ချင်သေးလား၊ တခြား အလုပ်တခုကို ပြောင်းမလား ဆိုတာကိုလည်း ရွေးချယ်ရမှာ ဖြစ်ပါတယ်။ လက်ရှိကာလမှာ အလုပ်အကိုင်အသစ် ရရှိမှုနှုန်းကလည်း နည်းပါးလွန်းတာကြောင့် သေသေချာချာ စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ အပေါ်ကို ကြည့်ရှုစောင့်ရှောက်တဲ့ အလုပ်ရှင်တွေနဲ့ပဲ ဆုံတွေ့ရပါစေလို့ ဆုတောင်းပေးရင်း…

Leave a Reply

Your email address will not be published.

x

You cannot copy content of this page