ထောင်မလဲ သဲကော် ဂျပန်ငွေတွေ တန်ဖိုး မရှိရတဲ့ အကြောင်းရင်း (အခု ၁၀၀၀၀ တန်တွေကရော)
ဂျပန်ခေတ်က ငွေတွေဆိုပြီးတော့ ကျွန်တော်တို့ အဘွား တမြတ်တနိုး နဲ့ သိမ်းထားတဲ့ ငွေတွေ အခုထိ ရှိသေးတယ်။ တချို့ဆို အသစ်ချပ်ချွတ်ကိုမှ ခေါက်ရာတောင် မရှိသေးဘူး။ သေချာ သတ္တုသေတ္တာ တစ်ခုနဲ့ ထုပ်သိမ်းပြီးထားတာ။
တစ်ချိန်ချိန်မှာ ပြန်ထုတ်ပြီး ရောင်းရင် ငွေပြန်ဝင်လာမယ်လို့ ယုံနေတဲ့ အဘွားရဲ့ အိပ်မက်ကို ဖြည့်ဆည်း ပေးချင်လို့ စင်္ကာပူရောက်တော့ ရှေးဟောင်းပစ္စည်း ရောင်းတဲ့ အသိဆိုင်တစ်ဆိုင်မှာ ဓာတ်ပုံပြပြီး တန်ကြေး သွားမေးခဲ့ဖူးတယ်။
ဆိုင်ရှင်ရဲ့ အဖြေက ရင်ဝကို ဆောင့်ကန်လိုက်သလိုပဲဗျာ။ “ကောင်လေး.. ဒါ ဂျပန် ငွေအစစ်မှ မဟုတ်တာ။ ငွေ ဖြတ်ပိုင်း scrips လို့ ခေါ်တယ်ဟ။ တစ်ပြားမှ မတန်ဘူး။” တဲ့။ ဒါနဲ့ ကမူးရှူးထိုးကို ဂျပန်ငွေ အကြောင်းအရာတွေ ကြားထဲကို ကျွန်တော် လတော်တော်ကြာကြာ ခုန်ဝင်လို့ လေ့လာခဲ့ဖူးတယ်။ ဒီလို လေ့လာခဲ့ရင်းနဲ့ ဂျပန် ငွေစက္ကူ အတုတွေ အကြောင်းကို သိလာခဲ့ရပါတယ်။
ဒီဂျပန်ငွေစက္ကူတွေကို De facto Scrip လို့ ခေါ်ပါတယ်။ Scrip ဆိုတာရဲ့ တန်ကြေးဟာ ထုတ်လုပ်သူ ရဲ့ ပါးစပ်အပေါ်သာ မူတည်တာမျိုး ဖြစ်ပြီးတော့ သူ့မှာ ရွှေပေါင်တွေ ထားသိုထားတာမျိုး… ကမ္ဘာ့ ဘဏ်က တန်ကြေးသတ်မှတ်ထားတာမျိုး မရှိပါဘူး။
ဘယ်လို အချိန်တွေမှာ ဒီ scrip ငွေစက္ကူတွေ သုံးသလဲဆိုတော့ ငွေကြေး စစ်စစ် (hard cash) တွေ အသုံးပြုလို့ မဖြစ်နိုင်တဲ့ အခြေမနေနဲ့ အချိန်အခါတွေမှာ ဒီလို scrip ငွေတွေကို ထုတ်သုံးတတ်ကြ ပါတယ်။ ဥပမာ ကုမ္ပဏီတစ်ခု ဆိုပါစို့။ ဒီကုမ္ပဏီမှာ ဝန်ထမ်းတွေကို ပေးစရာ ငွေ မဝင်သေးတဲ့အခါ ဝန်ထမ်း တွေ ရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးဖို့ တာဝန်ရှိလာတယ်။
ဆိုတော့ ဒီလို အခိုက်အတန့်မှာ ကုမ္ပဏီ တွင်း အသုံးပြုဖို့ဆိုပြီးတော့ scrip ငွေ စက္ကူတွေ ထုတ်ပေးတာမျိုး ဖြစ်ပါတယ်။ ဝန်ထမ်းဟာ မိမိ လုပ်အားခ အဖြစ် ရရှိလာတဲ့ ဒီ ငွေစက္ကူကို ကုမ္ပဏီရဲ့ သမဝါယမ ဆိုင်မှာ ပစ္စည်းဝယ်ယူခွင့် ရှိတယ်။ ကုမ္ပဏီရဲ့ canteen မှာ ထမင်းဟင်း ဝယ်စားခွင့် ရှိတယ်။ ဒီလိုပဲ ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ တခြား အရောင်းအဝယ်တွေမှာပါ အသုံးပြုလို့ ရနိုင်တဲ့အထိ ဖြန့်ချပစ်လို့ ရပါသေးတယ်။
သို့သော် တစ်ချိန်မှာ ကုမ္ပဏီက ငွေပြန်ပေါ်တဲ့ အခါမှာတော့ ဒီ scrip ငွေ အသုံးပြုမှုကို တရားဝင် ထုတ်ဖော် ကြေငြာရင်း ရုတ်သိမ်းရပါတယ်။ လက်ကျန်ငွေနဲ့ တန်ဖိုး ထပ်တူညီမျှတဲ့ ဒေသတွင်း သုံးစွဲမှု စနစ်တစ်ခုခုနဲ့ ပြန်လဲလှယ်ပေးရပါတယ်။ ဒါ scrip ရဲ့ သဘောတရား ဖြစ်ပါတယ်။
ဂျပန်တွေဟာ scrip ငွေကြေး စနစ်ကို ဒုတိယ ကမ္ဘာစစ် တစ်လျှောက်လုံး သိမ်းယူ နယ်ချဲ့ ခဲ့တဲ့ ပိုင်နက် နယ်မြေတိုင်းမှာ တွင်တွင်ကြီး သုံးလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒေသတွင်း အလုပ်သမားတွေ ငှားတယ်။ ဒီငွေနဲ့ လုပ်အားခတွေ ရှင်းတယ်။ ကုန်ပစ္စည်းတွေ ဝယ်တယ် ဒါနဲ့ ရှင်းတယ်။ စသဖြင့် လည်ပတ်ခဲ့တဲ့ အလုပ် အကိုင်တွေဟာ ဂျပန်ခေတ်တွင်းကာလ လို့ ပြောရမယ့် ဒုတိယ ကမ္ဘာစစ် တွင်း ကာလ မှာ အသုံးဝင်နေတဲ့အခါ ဒါကို သေချာနားမလည်တဲ့ ကျွန်တော်တို့ ဘိုးဘွား တွေ အနေနဲ့ တန်ဖိုး ရှိတယ်လို့ မြင်ကောင်း မြင်မိခဲ့ပုံရပါတယ်။
စစ်ကြီးပြီးသွားတဲ့အခါမှာ တကယ်ဆို တရားဥပဒေ အရ ဂျပန်တွေ အနေနဲ့ ဒီ scrip ငွေစက္ကူတွေကို ဒေသတွင်း လျော်ညီတဲ့ ငွေကြေးစနစ်တစ်ခုခုနဲ့ လဲလှယ်ပေးခဲ့သင့်ပေမယ့်လို့ မျက်နှာလွှဲခဲပစ် ဒီအတိုင်း ထားလို့ ဂျပန်ပြည်ကို ပြန်သွားခဲ့ကြပါတယ်။
မြန်မာတစ်နိုင်ငံထဲ ဒီ scrip ငွေ ကိစ္စကို ဂျင်းထည့်ခံ ခဲ့ရတာတော့မဟုတ်။ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေး၊ ဘရူနိုင်း၊ အင်ဒိုနီးရှား စသဖြင့် အရှေ့တောင် အာရှနိုင်ငံတော်တော်များများလည်း ဒီ ဇြစ်စဉ်ကြီး မှာ ပါဝင်ခဲ့ကြပါတယ်။
အချုပ်ဆိုရရင် အရှေ့တောင်အာရှရဲ့ ဒုတိယကမ္ဘာစစ် အလွန် ကာလက ငွေကြေး စျေးကွက်ကို ဂျပန်တွေဟာ De facto Scrip လို့ ခေါ်တဲ့ စေက္ကူအတုတွေနဲ့ ဖျက်သွားခဲ့ဖူးကြောင်း ဗဟုသုတ အနေနဲ့ တင်ပြလိုက် ရပ်တယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)