သခင်ဘသောင်းရဲ့ သမီး နာမည်ကြီး အင်္ဂလိပ်စာ ဆရာမကြီးရဲ့ ဝမ်းနည်းဖွယ် ဘဝနေဝင်ချိန်

ဝဋ်ကျွေးလေလား (သခင်ဘသောင်း၏သမီးဒေါ်သီတာသောင်း တချိန်ကနာမည်ကြီးအင်္ဂလိပ်စာဆရာမ )။ လွန်ခဲ့တဲ့(၁၀)နှစ်‌ခန့်က မိမိနေထိုင်ရာ အိမ်နောက်ဘက်ကုန်းစူစူသို့ အဘွားအိုတစ်ဦး ရောက်ရှိလာခဲ့ပါတယ်။
ဆွေမျိုးသားချင်းမဲ့ တစ်ကိုယ်တည်း တဲထိုးနေထိုင်ရင်း နံနက်လင်းချိန် ရပ်ကွက်စုံသို့ လိုက်လံကာ အလှူခံလေ့ရှိတတ်ပြီး လမ်းပေါ်တွင် ပိုင်ရှင်မရှိသည့် ခွေးငယ်များကို အပြန်တွင်ခေါ်ဆောင်လာတတ်ကာ သူမတဲထဲ၌ ကျွေးမွေးစောင့်ရှောက်ထားလေ့ရှိသည်။

ခွေးချစ်တတ်သည့် အနှီအဖွားအိုကြောင့် ရပ်ကွက်စုံမှ ခွေးများမျိုးပွားလာပြီး အကောင်ရေများပြားလာသော်လည်း အဖွားအိုမှာ ငြီးငြူငြိုငြင်ခြင်းမရှိပဲ အလှူခံကာ ရရှိလာသည့် စားသောက်ဖွယ်ရာများကို ကျွေးမွေးရင်း ခွေးဂေဟာတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

အများစုမှ စိတ်မနှံ့ဟု သတ်မှတ်ထားသည့်အဖွားအိုနှင့် စကားစမြည်ပြာကြည့်ရာ အကြားအာရုံ အတန်ငယ်ချို့ယွင်းသည်မှလွဲ၍ ၎င်း၏ မွေးသက္ကရာဇ်မှအစ မှတ်မိနေပြီး မွေးဖွားသည့် ခုနှစ်မှာ နိူင်ငံတော်အတိုင်ပင်ခံ အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် တူညီစွာ ၁၉၄၅ ခုသမီးဖြစ်၍နေသည်။

မွေးချင်းမောင်နှမ နှစ်ယောက်သာရှိပြီး အကိုဖြစ်သူကွယ်လွန်ပြီးနောက် မိဘအမွေအနှစ်ဖြစ်သည့် လှည်းတန်းစံရိပ်ငြိမ်(၂)လမ်းရှိ ပေ ၄၀ ×ပေ၆၀ နေအိမ်တွင်နေထိုင်ရင်း သားထောက်သမီးခံမရှိ၍ အဖော်အဖြစ်ခေါ်ယူထားသည့် အမျိုးသမီးတစ်ဦးမှ လိမ်လည်ပြီးအကျပ်ကိုင်လက်မှတ်ထိုးစေခဲ့၍ အိမ်ယာမဲ့ဖြစ်ကာ စာရေးသူတို့နားရောက်လာခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

ခွေးကိုချစ်တဲ့အဖွားအိုသည် ၎င်းအတွက်ရော ခွေးများအတွက်ပါ အလှူခံနေ့တိုင်းထွက်လေ့ရှိပြီး ပိုလျှံသည့်ငွေစွန်းငွေစများကို ယုံကြည်ရာအပ်နှံလေ့ရှိသော်လည်း ပြန်ရသည့်သတင်းစိုးစဉ်းမျှ မကြားမိပေ။ ဆိုက်ကားသမားကအစ ချေးငှားပြီး ပြန်မပေးကြောင်းမကြာခဏ ကြားနေရ၍ စိတ်ထဲ မသက်သာလှ။

၂၀၂၀ ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးနိုင်မည့် အခွင့်အလမ်းကို လက်လွတ်မှာစိတ်ပူနေသည့်အဘွားအား လွတ်လပ်စွာမဲပေးခွင့်ရအောင် စာရေးသူမှ ကူညီလုပ်ကိုင်ပေးခဲ့၍ ပီတိဖြစ်ခဲ့သည့်အဖွား ကိုဗစ်ရောဂါ ပြင်းထန်လာချိန်တွင် ကျန်းမာရေး အနည်းငယ်ချို့ယွင်းလာခဲ့ကာ စာရေးသူ အွန်လိုင်းပေါ်မှ အကူအညီတောင်းခံခဲ့၍ ပရဟိတအဖွဲ့တစ်ခုမှ ဘိုးဘွားရိပ်သာသို့ပို့ဆောင်ရန် ကြိုပမ်းခဲ့သော်ငြား ကာယကံရှင်မှငြင်းပယ်ခဲ့၍ နေအိမ်လေးတစ်လုံးကို သီးသန့်ဆောက်လုပ်ပေးခဲ့ပြီး ခွေးများအတွက် အိမ်အောက်တွင်စီမံပေးခဲ့ပါသည်။

သို့သော် ခွေးချစ်သောအဖွားမှာ ခွေးများနှင့်အတူ နေမြဲနေပြီး အိမ်ပေါ်မှာပင် အိပ်စေခဲ့သည်။အသက်အရွယ်အရ ရောဂါကူးစက်လွယ်၍ တားမြစ်သော်လည်းမရ။”ဝဋ်ကျွေးကြီးလိုက်တာ အဘွားရယ်” ဟု မိမိကပြောလျင် သွားတစ်ချောင်းမှမရှိတော့သည့် သွားဖုံးများပေါ်အောင် ရယ်ပြလေ့ရှိသည် ။

ဦးထုပ်ဆောင်းလျင် နှာစေးလေ့ရှိတတ်ပြီး မိမိကထီးငှားလိုက်ပါကလည်း ဘယ်မှာထားမိမှန်းမသိ၍ ပြန်မရတတ်။နိူင်ငံရေးအခြေအနေအရ ပြည်သူအများစားဝတ်နေရေး ကျပ်တည်းလာသည့် ၂၀၂၂ ခုနှစ်တွင် အလှူခံအဘွားလည်းရပ်တည်ရန်ခက်ခဲလာပြီး ရပ်ကွက်မှစီမံကာ သံလျင်ရှိ ရိပ်သာတစ်ခုသို့ အဖွားအားချော့မော့ ပို့ဆောင်လိုက်၏။

စာရေးသူလည်း ဒီတစ်ခါတော့အဘွားအတွက် စိတ်အေးရပြီဟု မှတ်ယူကာ မိမိအလုပ်စိတ်ဖြောင့်ဖြောင့်ဖြင့်လုပ်ကိုင်ရင်း မေ့မေ့ပျောက်ပျောက်နေလိုက်၏။ကျပ်တည်းလာတဲ့ဝမ်းရေးကြောင့် ပတ်ဝန်းကျင်ကိုပင် သတိမပြုမိလောက်အောင် ရှိနေချိန် တစ်ခုသောနံနက်တွင် ခွေးများကိုအော်ဟစ်နေသည့် အသံကို အမှတ်မထင်ကြားလိုက်ရပြီး ထိုအသံကို နားထဲစွဲထင်စွာ မှတ်မိနေ၍ ထွက်ကြည့်ရာ သွားတစ်ချောင်းမှမရှိတဲ့ အဘွားက မိမိကိုပြုံးပြနေ၏။

မြတ်စွာဘုရား အဘွားပြန်ရောက်နေပါပေါ့ လက်မှာကလည်း ပတ်တီးကြီးနဲ့ ဘယ်လိုများဖြစ်ပါလိမ့်ဟု စိုးရိမ်စိတ်နဲ့မေးကြည့်တဲ့အခါ ဘိုးဘွားရိပ်သာတွင် ညဘက်အိပ်မပျော်ကြောင်း၊ခွေးများ၏အသံကို အမြဲကြားယောင်ကာ သတိယမိနေကြောင်း၊အဘိုးအဘွား(၂၀၀)ဝန်းကျင်ရှိ ရိပ်သာတွင် နေရစားရသည်မှာ ခက်ခဲကြောင်းနှင့် တစ်နေ့ရေချိုးခန်းမှအထွက် ချော်လဲကာ လက်ကျိုးခဲ့ပြီး ဆေးရုံမှဆင်းချိန်တွင် မိမိနေထိုင်ရာသို့ ပြန်ပို့ပေးရန် ခွင့်ပန်ခဲ့၍ ပြန်လည်ရောက်ရှိလာကြောင်းပါတဲ့ ။

အဆိုပါအဘွားကို မည်သူဟုထင်ပါသနည်း။ ဖက်ဆစ်တော်လှန်ရေးနှင့် ဗမာ့လွတ်မြောက်ရေးတွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ပါဝင်ဆင်နွှဲခဲ့သည့် သခင်ဘသောင်း၏သမီး တစ်ချိန်က နာမည်ကြီး အင်္ဂလိပ်စာ ဆရာမကြီး ဒေါ်သီတာသောင်းပါ ဗျာတို့။

အဘွားဒေါ်သီတာသောင်းနဲ့ သက်တူရွယ်တူ အသက်(၇၇)နှစ်အရွယ် နိူင်ငံတော်အတိုင်ပင်ခံသည်လည်း သားသမီးကိုစွန့်၊ခင်ပွန်းကိုစွန့်၊စည်းစိမ်ဥစ္စာစွန့်ကာ အကျဥ်းထောင်ထဲတွင် ကြီးမားလှစွာသောဝဋ်ကျွေးတွေကို ပေး ဆပ်နေလေရဲ့။ သြော် ဝဋ်ကျွေးရှိက ဒီဘဝဝယ် ပြီးပြတ်ပါစေတော့အမေအဘွားတို့ရေ။ ချောင်းကျဉ်းသား (အဘွားဒေါ်သီတာသောင်း၏ ခွင့်ပြုချက်ဖြင့် ရိုက်ကူးခဲ့သည်) (မူရင်းရေးသားသူအား လေးစားစွာဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page