ရှမ်းပြည်မှာ အမျိုးသမီးတဦး ပုရွက်ဆိတ် အကိုက်ခံရပြီးနောက် ထူးဆန်းစွာ မေ့မြောသွား

ရှမ်းမြောက် တအာင်း(ပလောင်) ဒေသ နမ့်ဆန်မြို့နယ် မြို့လယ်ရပ်ကွက် အောင်သပြေရပ်မှာနေတဲ့ အသက် (၅၀)ဝန်းကျင် အမျိုးသမီးတစ်ဦးဟာ ဒီနေ့လယ်ပိုင်းက ဟင်းခြံထဲသွားရင်း ပုရွက်ဆိတ် ကိုက်ခံရလို့ သတိလစ်ပြီး ဆေးရုံ တင်ထားရတယ်လို့ သိရပါတယ်။

ပုရွက်ဆိတ် ကိုက်ခံရပြီး သတိလစ်သွားတာက အဲဒီအမျိုးသမီးဟာ လူ တထောင်မှာ တစ်ဦး​လောက်သာရှိတတ်တဲ့ သွေးအမျိုးအစား ရှိနေတာဖြစ်ပြီး အဲဒီလို သွေးရှိတဲ့သူဟာ အဆိပ်ရှိတဲ့ အကောင်ကိုက်ခံလို့မရဘဲ ကိုက်ခံရရင် သွေးပေါင်ချိန် ကျသွားပြီးတော့ ချက်ချင်း မူးလဲသွားတာလို့ သိရပါတယ်။

လူနာကို ဆေးရုံလိုက်ပါ ပို့ဆောင်ပေးသူက “ဒါမျိုးသွေးက လူတစ်ထောင်မှာ တစ်ယောက်လောက်မှာပဲ ရှိတတ်တဲ့ သွေးအမျိုးအစားပါ။ ဘာအကောင်မှ အကိုက်ခံလို့ မရဘူး။ ဥပမာ ပျား၊ ပုတုန်း၊ ပုရွက်ဆိတ် ဘာအကောင်ဖြစ်ဖြစ် အဆိပ်ရှိတဲ့ တစ်ကောင်လောက်ဘဲ အကိုက်ခံရတာနဲ့ လူက သွေးပေါင်ချိန် တအားကျသွားပြီး ချက်ချင်း မူးမေ့သတိလစ်သွားပါတယ်။ အခုဖြစ်တာလဲ ပုရွက်ဆိတ် အကိုက်ခံရတာ​ကြောင့် သူ့ရဲ့သွေးနဲ့ မတည့်လို့ မူးမေ့သွားတာဖြစ်တယ်။ အခုတော့ လူနာက စိုးရိမ်စရာ မရှိဘဲ သက်သာလာပြီ” လို့ ရှင်းပြပါတယ်။

ပုရွက်ဆိတ် ကိုက်ခံရတဲ့ အမျိုးသမီးလူနာကို ဆေးရုံသို့ အချိန်မှီ ပို့ဆောင်ပေးနိုင်ခဲ့လို့ အသက်အန္တရာယ်ကနေ ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံ၊ ဆေးခန်းအချိန်မှီ မပို့နိုင်ရင် အသက်ဆုံးရှုံးသွားနိုင်တယ်လို့ သိရပါတယ်။

ယခင်ကလည်း နမ့်ဆန်မှာ ဘောလုံးကန်ရင်း ပျားတုတ်ခံရပြီး ချက်ချင်း မူးမေ့သတိလစ်သွားတဲ့လူငယ် ရှိခဲ့ဖူးပြီး အခုတစ်ကြိမ်နဲ့ဆို နှစ်ခါ ကြုံခဲ့ဖူးပြီလို့ လူနာကို လိုက်ပါပို့ဆောင်ပေးတဲ့ တက်ကြွလူငယ် ပရဟိတ လူမှုကူညီရေးအသင်းခေါင်းဆောင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page