ဟွန်ဒိုင်းကားစက်ရုံလည်း ပိတ်သိမ်းပြီ (နေချင့်စဖွယ် ရွှေမြန်မာပြည်ကနေ အားလုံး ခွာတော့မှာလား)

၆-၇-၂၀၂၂ ရက်နေ့မှာ သီလဝါစက်မှုဇုန်က ဆူဇူကီး ကားစက်ရုံပိတ်သိမ်းလိုက်ပြီးတဲ့နောက် မြန်မာ့ကားဈေးကွက်ထဲမှာ ပွက်လောရိုက်ပြီး ဂယက်အကြီးအကျယ်ထခဲ့ကြပါတယ်။

ယခု ဆူဇူကီးရဲ့ လမ်းစဉ်အတိုင်း ကိုရီးယားကား ကုမ္ပဏီ ဟွန်ဒိုင်းကလည်း မြန်မာပြည်မှာ ရှိတဲ့ သူတို့ရဲ့ ကားစက်ရုံကို ပိတ်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဟွန်ဒိုင်းကားတွေ တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံဟာ ရွှေပြည်သာမြို့နယ်ထဲမှာ ရှိတဲ့ သာဓုကန် စက်မှုဇုန်မှာ ၂၀၁၉ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ဟွန်ဒိုင်း တံဆိပ် SKD ကားတွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စကစရဲ့ “ဒေါ်လာ တပြားမှ မသုံးရ” မူဝါဒကြောင့် သွင်းကုန်လိုင်စင်များ အခက်အခဲ ဖြစ်နေပြီး စက်ပစ္စည်းများ တင်သွင်းဖို့ အခက်အခဲဖြစ်လာတာကြောင့် ကားစက်ရုံများအနေနဲ့ ထုတ်လုပ်ဖို့ အဆင်မပြေ ဖြစ်လာကြပါတယ်။

စကစရဲ့ အိုးနင်းခွက်နင်း မူဝါဒကြောင့် ကုန်ထုတ်လုပ်ရေးမှာ အခက်အခဲ ဖြစ်လာကြပြီး ကားစက်ရုံသာမက တခြား စက်ရုံတွေပါ ရပ်ဆိုင်းရမယ့် အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

မြန်မာပြည်မှာ SKD ကားတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ ဆူဇူကီး၊ နစ်ဆန်း၊ ကီယာ၊ ဖိုဒ့်၊ ဟွန်ဒိုင်း၊ လီဖန်နဲ့ ဆိုအိတို့ ဖြစ်ကြပြီး မကြာခင် ကာလမှာ အဆိုပါ စက်ရုံတွေလည်း ပိတ်သိမ်းနိုင်ချေ ရှိတယ်လို့ ကားလောကနဲ့ နီးစပ်သူတဦးက သုံးသပ်ပါတယ်။

ကားစက်ရုံများ ပိတ်သိမ်းခြင်း၊ ကားတင်သွင်းခွင့်များ ပိတ်ထားခြင်းတို့ကြောင့် ကားဈေးနှုန်းများ အဆမတန် ကြီးမြင့်လာပြီး လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကလို ကားစုတ်တစီးကို သိန်းတထောင်ကျော် ပေးစီးရမယ့် ခေတ်ကို ပြန်ရောက်တော့မယ်လို့ ဈေးကွက် ကျွမ်းကျင်သူတဦးက မှတ်ချက်ပေးပါတယ်။ စကစ အာဏာသိမ်းပြီးနောက်မှာ မြန်မာ့စီးပွားရေး ပြိုလဲမှုကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်တက်လာပြီး ပြည်သူတွေ တစတစ ကျပ်တည်းလာတဲ့ အခြေအနေတွေကိုတော့ မျက်ဝါးထင်ထင် တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page