သေသူက ဝင်ပူးကာ ပြောလို့ ၂ လကြာ ပျောက်ဆုံးနေသူကို ကန်တော်ကြီးမှာ ရှာဖွေမှုပြုလုပ်

ရန်ကုန်မြို့ ရှိ ကန်တော်ကြီးရင်ပြင်အတွင်း သူ့ကိုမြှုပ်နှံထားပါသည်ဟု သေဆုံးသွားသူက မိသားစုဝင်တွေကိုဝင်ပူးပြီးပြောပြလို့ နှစ်လကျော်ကြာပျောက်ဆုံးနေသူအား ကန်တော်ကြီးရေပြင်အတွင်း လူမှုရေးပရဟိတအသင်းများ၏ အကူအညီဖြင့် ကာယကံရှင် မိသားစုဝင်များက ရှာဖွေကယ်ဆယ်မှုများကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကန်တော်ကြီးရေပြင်အတွင်း ရှာဖွေကယ်ဆယ်မှုများကို ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်၊ ညနေပိုင်းအချိန်မှစ၍ ည ၈ နာရီခွဲအချိန်အထိ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ မိသားစုဝင်တွေက ပူးပေါင်းရှာဖွေခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမတွေ့ခဲ့ရဘူးလို့ ရှာဖွေကယ်ဆယ်ရေးမှာပါဝင်ခဲ့သည့် လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူမှာ အသက် ၂၃ နှစ်အရွယ် လူငယ်ဖြစ်တယ်လို့ ကာယကံရှင် မိသားစုဝင်တွေပြောပြမှုအရ သိရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

“ပရဟိတ ကွန်ရက်တွေကို ကာယကံရှင် မိသားစုက ဆက်သွယ်လာတာ၊ပျောက်နေတာ နှစ်လကျော်ပြီတဲ့၊လူကတော့ ပျောက်နေလို့ သေပြီလို့ ယူဆနေကြတယ်။အဲလိုနဲ့ ကန်တော်ကြီး ကန်ထဲမှာ မြှုပ်ထားတယ်လို့ မိသားစုတွေက အိပ်မက်မက်တာမျိုးပေါ့၊ဒါကြောင့် မိသားစုဝင်တွေ အကူအညီတောင်းလို့ အသင်းတွေ စုပြီးတော့ နိုင်သလောက် ရှာကြတာပါ၊ ဒါပေမဲ့လည်း မတွေ့ပါဘူး”ဟု အဆိုပါ ပရိဟိတ အသင်း တာဝန်ရှိသူကပြောပါတယ်။

အဆိုပါ ရှာဖွေကယ်ဆယ်မှုကို ဒို့ညီနောင်နာရေးနှင့်လူမှုကူညီဆောင်ရွက်ရေးအသင်းနှင့် မင်္ဂလာတောင်ညွန့် လူငယ်လူမှုကူညီရေးအသင်းတို့က ပူးပေါင်း၍ မိသားစုဝင်များနှင့်အတူ ကန်တော်ကြီး ကရဝိတ်၊မျှော်စင်ကျွန်းအနီးတဝိုက်ရှိ ရေပြင်၌ ပူးပေါင်းရှာဖွေခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကနေ့မှာတော့ ရှာဖွေကယ်ဆယ်မှုတွေကို ဆက်လက် ပြုလုပ်မည်၊ မပြုလုပ်ဘူးဆိုတာကတော့ လက်ရှိအချိန်အထိ မသိရှိရသေးဘူးလို့လည်း လူမှုကယ်ဆယ်ရေး ပရဟိတသမားတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page