သန်းခေါင်ထက် ညဥ့်နက်သွားတဲ့ မြန်မာ့စီးပွားရေးနဲ့ ကမ္ဘာ့အမွဲဆုံးနိုင်ငံထဲက သနားစရာ ပြည်သူများ

တကမ္ဘာလုံးက ဝိုင်းကျဉ်ထားတဲ့ အထီးကျန်မြန်မာဟာ တနိုင်ငံတည်း ဘယ်လိုရပ်တည်မလဲ?

မြောက်ကိုရီးယားလိုနေမှာပေါ့ဆိုတော့ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်တောင်ထုတ်နိုင်တယ်။ နည်းပညာမြင့်တယ်။ ကိုယ့်ဆီမှာက အပ်တောင်မထုတ်နိုင်။ ကုန်ချောမှန်သမျှ ပြည်ပကိုသာ အားထားနေရတာ။ တနိုင်ငံတည်း ရှင်သန်ဖို့ မဖြစ်နိုင်။

စစ်ဖြစ်လာရင် ပေတေနေလို့လည်းဘယ်လိုမှ အဆင်မပြေဘဲ စစ်ပြေးရတာကို လွိုင်ကော်ကိုကြည့်ရင်သိပါလိမ့်မယ်။ ရိက္ခာစုထားလည်းထားခဲ့ရတာပဲ။ အိမ်ခြံမြေတွေပိုဆိုး။ ထမ်းသွားလို့လည်းမရ။ ခုချိန်လွိုင်ကော်လမ်းမတန်းမှာလျှော့ဈေးပေးမယ်ဆိုရင်တောင်ရောင်းထွက်မယ်မထင်။

စစ်ဘေးကြောက်ပြီးမြေဝယ်၊ ကွန်ဒိုဝယ်ကြသူတွေသတိထားဖို့ကောင်းတယ်။ ဒါနဲ့ကြုံတုန်းစစ်ဘေးရှောင်တွေကိုတတ်နိုင်သရွေ့စောင့်ရှောက်လှူဒါန်းကြပါလို့တိုက်တွန်းပါတယ်။

အာဏာမသိမ်းခင်ကတည်းက ကိုဗစ်ကြောင့်ဒီနိုင်ငံစီးပွားရေးက လစ်နေတာ။ တကမ္ဘာလုံးလစ်နေတာလို့မပြောနဲ့။ ကမ္ဘာ့ဘဏ်ရဲ့ GDP တိုးနှုန်းတွေ ဝင်ကြည့်။ ကိုယ့်နိုင်ငံက ကွက်ပြီး ပိုဆိုးနေတာ။ ခုဆို ဒေသအများအပြားမှာ စစ်ဖြစ်လို့ အိုးပစ်အိမ်ပစ်‌ ပြေးနေရပြီး ဘာမှမထုတ်နိုင်မှတော့ GDP က ဘယ်လိုတက်မလဲ။ ပိုဆိုးတာပေါ့။

နိုင်ငံခြားရင်နှီးမြှပ်နှံမှု အများစုက ပြန်ထွက်သွားကြပါပြီ။ မရှိမဲ့ရှိမဲ့ အနည်းငယ်လေးပဲ ကျန်တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံ့မှု ဆိုတာလည်း ဒီလိုမီးပျက်ပုံနဲ့ဆို မကိုက်လို့ ပြန်ထွက်သွားဖို့ပဲရှိပါတယ်။

Tourism လုပ်ငန်း Hotel လုပ်ငန်းတွေက ကိုဗစ်မဖြစ်ခင်ကပင် ချမ်းသာလာတဲ့တရုပ်နိုင်ငံက တရုပ်Tourist တွေကို အားထားနေရတာပါ။ တခြားနိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေကြောင့် သိပ်မလာကြပါ။ ခုလိုတွေပေါက်နေရင် တရုပ်Touristလည်းလာမယ်မထင်ပါ။ ဟိုတလောကလည်း ရန်ကုန်ကိုကမ္ဘာ့အန္တရာယ်အများဆုံးမြို့အဖြစ်သတ်မှတ်‌တယ်ဆိုပြီးကြားလိုက်သေးတယ်။ Tourism လုပ်ငန်း Hotel လုပ်ငန်းတွေအလားအလာ လုံးဝမကောင်းပါ။

ဘဏ်တွေကလည်း ကြွေးဆုံးတွေ ဒင်းကြမ်းဆိုတာ နိုင်ငံတကာမီဒီယာတို့ World Bankတို့ IMFတို့မှာအမြဲတွေ့နိုင်ပါတယ်။ ပြီးတော့ သွယ်ဝှိုက်ရင်းနှီးမြှပ်နှံမှု ၈၀%ကျော်က အခြေအနေမကောင်းတဲ့ အိမ်ခြံမြေထဲမှာ။ ဘဏ်ဆိုတာ စီးပွားရေးလုပ်ငန်းတွေမှာတိုက်ရိုက်ရင်းနှီးလို့မရပါဘူး။ အိမ်ခြံမြေအပေါင်ခံပြီးချေးရင် အိမ်ခြံမြေမှာရင်းနှီးမြှပ်နှံတယ်လို့ပြောပါတယ်။

အတိအကျ မမှတ်မိသော်လည်း ဗဟိုဘဏ်ဥပဒေအရတော့ ကဏ္ဍတခုမှာ ပြည်သူ့အပ်ငွေတွေရဲ့ ၁၅% ထက်ပိုချေးလို့ မရဘူးဆိုတာမျိုးရှိပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်ဆိုတာ ဘဏ်သူဌေးခရိုနီတွေကို ခေတ်အဆက်ဆက်ကြောက်ခဲ့ရတာဆိုတော့ ခုလိုပြည်သူ့အပ်ငွေရဲ့ 80%ကျော်ဟာ စစ်ရိပ်သန်းနေပြီး နိုင်ငံတကာကအဖက်မလုပ်လို့ အလားအလာမရှိတဲ့ အိမ်ခြံမြေကဏ္ဍတခုထဲမှာပါ။

ပြီးတော့ ခရိုနီတွေ ထုတ်ချင်တိုင်းထုတ်ထားတဲ့ မြန်မာ့နိုင်ငံရဲ့ ကမ္ဘာကျော် Overdraft ချေးငွေတွေကလည်း ဘယ်လောက်ထိ ဆိုးရွားနေလဲမသိပါ။ ဇေကမ္ဘာခင်ရွှေကတော့ ညည အိပ်မပျော်ကြောင်း အရင်က‌ ဂျာနယ်မှာပြောဖူးပါတယ်။ ခုတော့ ဘဏ်ခရိုနီသူဌေးတွေ Overdraft ခရိုနီသူဌေးတွေက မအလနဲ့တဖွဲ့တည်းဆိုတော့ ငွေအပ်ထားတဲ့ပြည်သူတွေအိပ်မပျော်မယ့်အလှည့်ပေါ့

ဘဏ်သူဌေးတွေအကျင့်ကလည်း ရာခိုင်နှုန်း ထုတ်စားနေတာသာ ကြည့်တော့။ အောက်ခြေကလုပ်တာလို့တော့မပြောနဲ့။ တကျပ်တပြားကွာရင်တောင် အိမ်ပြန်လို့မရတဲ့ဘဏ်လိုမျိုးမှာ ဒီလို ဥပဒေမဲ့ရေရှည်လုပ်စားလို့ရနေတာ သူဌေးလည်း ဝေစုရလို့ ထိုင်ကြည့်နေတာလို့ သဘောပေါက်။

နိုင်ငံရဲ့ စီးပွားတရိပ်ရိပ်ကျဆင်းနေမှန်း၊ ပြည်သူတွေရဲ့ ဝယ်နိုင်စွမ်းအားတွေ ကျဆင်းနေမှန်း ကမ္ဘာကျော်လှည်းတန်းရဲ့ ဆိုင်ခန်းငှားမည်ဆိုတဲ့ အခန်းအများအပြား၊ တနိုင်ငံလုံးရဲ့ စားသောက်ဆိုင်တွေရဲ့ ငြီးငြူသံတွေက ဘယ်လိုမှဖုံးကွယ်လို့မရပါဘူး။

ဒီတော့ခြုံပြောရရင် ကမ္ဘာ့အမွဲဆုံးနိုင်ငံ ဖြစ်သွားနေတဲ့ နိုင်ငံမှာ ရောင်းမှားဝယ်မှားတွေကင်း အချင်းချင်းဂျင်းထည့်ခြင်းတွေကင်းပြီး အချင်းချင်း စောင့်ရှောက်ကြပါ။ ခုက သန်းခေါင်တောင် မရောက်သေးလို့ ဒီထက်ပိုညည့်နက်တဲ့ ညတွေက ရှေ့မှာဆီးကြိုနေပါတယ်လို့ပဲ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page