ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီးရှိမှ လုပ်စားရမယ့် လှိုင်သာယာက ပြည်သူတွေတော့ ထမင်းငတ်ပါပြီ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဆိုင်ကယ် နဲ့ ဘက်ထရီစက်ဘီးတွေကို စီးနင်းခွင့် ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇွန်လ ၁၇ ရက်နေ့ကစပြီး စီးနင်းခွင့်ပိတ်လိုက်တာဖြစ်ပြီး တကယ်လို့ စီးနင်းတာကိုတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်၊ ၁၇ ရက်နေ့က စပြီးပိတ်လိုက်တာပါ။ ရပ်ကွက်ထဲ လာအော်တာပါ။ ဆိုင်ကယ်ရော၊ ဘက်ထရီစက်ဘီးရော စီးခွင့်ပိတ်တယ်တဲ့။ စီးတာတွေ့ရင် အရေးယူမယ်ဆိုပြီး လော်နဲ့လာအော်တာပါ”လို့ လှိုင်သာယာ အရှေ့ပိုင်းမှာနေထိုင်သူတဦးက ပြောပါတယ်။

ဆိုင်ကယ်၊ ဘက်ထရီစက်ဘီးစီးနင်းခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်းကို ရပ်ကွက်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ဇွန်လ ၁၆ ရက်နေ့မှာ ရပ်ကွက်နေထိုင်သူတွေကို လိုက်လံအသိပေးပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဆိုင်ကယ်နဲ့ စက်ဘီး အဓိက အသုံးပြုလုပ်ကိုင်စားသောက်နေရတဲ့ မြို့နယ်မှာ ဒါတွေစီးခွင့်ပိတ်တော့ ဘယ်လိုလုပ်ကြမလဲ၊ ရပ်ကွက်ထဲတော့ စီးနေ​ကြတာတွေ့တယ်။ ကျနော်တို့ အလုပ်ကိုလည်း စီးတာရှိတယ်။ ကားမရောက်တဲ့နေရာဆို သွားရတာရှိတယ်။ အခုတော့ အခြေအနေစောင့်ကြည့်လုပ်ရမှာပေါ့”လို့ နောက်ထပ် လှိုင်သာယာဒေသခံတဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်ဟာ အခြေခံလူတန်းစားအများဆုံးနေထိုင်တဲ့မြို့နယ်တခုဖြစ်သလို ရွှေ့ပြောင်းလုပ်သားအများဆုံးအလုပ်လုပ်နေတဲ့ မြို့နယ်လည်းဖြစ်တဲ့အပြင် ဆိုင်ကယ်အသုံးပြုမှုများတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

အခုလို ဆိုင်ကယ်၊ဘက်ထရီ စက်ဘီးစီးခွင့်ပိတ်လိုက်တာဟာ ဆိုင်ကယ်အဓိကအသုံးပြုပြီး အလုပ်လုပ်နေရတဲ့ဆိုင်ကယ်ကယ်ရီသမားတွေ၊ စက်ရုံ၊ အလုပ်သမားတွေအတွက် အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းထဲက တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်နဲ့ ဒလမြို့နယ်တွေမှာလည်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ယခင်က ရန်ကုန်မြို့စွန်တွေမှာ ဆိုင်ကယ်စီးနင်းခွင့် ပေးထားပေမယ့်လည်း စကစက လုံခြုံရေး အခြေအနေကြောင့်ဟုဆိုကာ စီးနင်းခွင့်တွေ ပိတ်ပင်လာတာ ဖြစ်ပါတယ်။ ဆိုင်ကယ်၊ စက်ဘီးနဲ့ လုပ်စားမှ ထမင်းစားရမယ့် လူတွေအတွက်ကတော့ ထမင်းလုတ်ကို ပုတ်ချလိုက်သလို ဖြစ်သွားပါပြီ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page