သားသမီးလို သံယောဇဉ် တွယ်နေရတဲ့ တိလေးနဲ့ မေတ္တာကြီးမားသူတဦးရဲ့ ဝမ်းနည်းဖွယ်ဇာတ်လမ်း

နေထိုင်မကောင်းတဲ့ကြားက အဖေတွေ့အောင်ရှာနေပါတယ် သမီး အပင်တွေကြားထဲကြောက်နေတဲ့သမီးကို ညီလေးတယောက်က ခေါ်သွားတာကြားတော့ တွေ့ပြီဆိုပြီးရင်ခုန် ကြည်နူးပျော်ရွှင်မှုတွေနဲ့ လိုက်စုံစမ်းနေကြတုန်း သမီးက လှိုင်သာယာ တံတားဖြူမှတ်တိုင်နားမှာ အိမ်ကနေထပ်ပြေးသွားပြန်ပြီတဲ့လေ။

တို့နှစ်ယောက်ကို အဝေးပို့နေကြတာ ကံလား၊ ဝဋ်ကြွေးလား အဖေ မဆုံးဖြတ်တတ်တော့ဘူးရယ်။ အဲ့ညီလေးပို့ပေးတဲ့ ပုံတွေထဲက သမီးမျက်လုံးတွေထဲမှာ သမီးလည်းအဖေ့ကိုရှာနေကြောင်း အဖေတွေ့နေရပါတယ်။

အားတင်းထားပေးပါဦး ကလေးရယ် ဖုန်းတွေဆက်၊မက်ဆေ့ဖ်တွေပို့ပေးပြီး စိုးရိမ်စွာ သတင်းပေးကြသူတွေ ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။ လမ်းမှာကျ မိုးရွာနေတုန်း စာလိုက်ကပ်တော့ တခါတလေ မက်ဆေ့ဖ်မပြန်နိုင်တာ ခွင့်လွှတ်ပါဗျာ။

တချို့လူတွေက တိရိစ္ဆာန်ထက် အသိတရားနိမ့်ကျတယ်ထင်ပါရဲ့ သမီးရယ်…။ မိုးရေတွေထဲ အဖေ့သမီးပုံလေးတွေလိုက်ကပ်ပြီးရှာတော့ “တန်လားတဲ့”။ “ခုကတည်းက မေးတာ ရှာတွေ့ရင် ဘယ်လောက်ပေးမှာလည်းတဲ့”။ အချို့ကတော့ “စခန်းမှာ တိုင်ချက်သွားဖွင့်ပါလားတဲ့”။

ဘဝတိုတို အတွင်းမှာ အဲ့လိုလူတွေကလူဖြစ်တုန်းခဏ… အသိဉာဏ်နိမ့်ပါးစွာ လူစကားပြောတတ်ကြရုံမျှပါပဲ သမီး။ လူမှာရှိတဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ သံယောဇဉ်ကို နားလည်ခံစားတတ်ကြသူ လူအများစုက ဝိုင်းဝန်းကူညီပေးကြတယ်ဆိုတဲ့ အကြောင်းလည်း သမီးကိုတွေ့တဲ့အခါ အဖေပြန်ပြောပြပါဦးမယ် ကလေးရယ်။ (ခုတော့…အပြေးသန်ပြီး အပုန်းတော်တဲ့ ကလေးလေးကို အဖေ အရှုံးပေးပါတယ်… အဖေ့ဆီပြန်ထွက်လာခဲ့ပါတော့ကွယ်)

သမီးလေးကို ရန်ကုန်မြို့ သင်္ကန်းကျွန်းစံပြဆေးရုံ အနောက်ဘက်လမ်းကနေ ခွေးကြီးတွေလိုက်လို့ ထွက်ပြေးသွားတာရယ်… သံသုမာလမ်း သံသုမာဟိုတယ်ဘက်မှာ ပြေးနေခဲ့တယ်လို့လည်း နောက်ဆုံးသိခဲ့ရပါတယ်။

၂၀.၆.၂၂ ညီငယ်လေးတယောက် ခေါ်သွားပြီး လှိုင်သာယာ ၇ရပ်ကွက် ၈ ရပ်ကွက်ကြား တံတားဖြူအိမ်ကနေ ပြန်ထွက်ပြေးသွားပြန်ပြီတဲ့ သမီးက အပြေးသန်ပါတယ်။ (Than Kywe)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page