စကစ ထုတ်တဲ့ စားအုန်းဆီဈေးနဲ့ ပြင်ပဈေး ထက်ဝက်ကွာနေ (တန်းစီ တိုးရမယ့်ခေတ် ပြန်ရောက်ပြီ)

စကစ လက်အောက်ခံ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ စားသုံးဆီလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ ၃၆၆၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပေမယ့် ပြင်ပပေါက်ဈေးက တစ်ပိဿာ ကျပ် ၇၀၀၀ အောက်ကို မဆင်းဘူးလို့ သိရပါတယ်။

စကစ လက်အောက်ခံ စီးပွား/ကူးသန်းရဲ့ ရည်ညွှန်းဈေးက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တပိဿာ ၄၆၅၀ ကျပ်ဖြစ်ပေမယ့် ယခုအခါ ကျပ် ၁၀၀၀ နီးပါး ကျဆင်းသွားခဲ့တာဖြစ်ပြီး လက်လီဈေးကွက်မှာတော့ ကျပ် ၈၀၀၀ နီးပါးအထိ စားသုံးသူတွေ ပေးဝယ်နေတာမျိုးလည်း ရှိပါတယ်။

“ဈေးက ပြန်တတ်နေတာလား။ ကျတာဖြင့် တစ်ရက်တောင် မရှိသေးဘူး။ စာရွက်ထဲ့မှာ အကျပြပြီး အပြင်မှာ ဝယ်တဲ့အခါကျတော့ ဒီနေ့ဆိုရင် တစ်ပိဿာကို ၇၆၀၀ နဲ့ ပေးဝယ်ခဲ့ရတယ်’’လို့ စားအုန်းဆီဝယ်ယူသုံးစွဲသူ ပြည်သူတစ်ဦးက ပြောပါတယ်။

“တကယ့် Ground စျေးနဲ့ကွာပြီးထုတ်ပြန်နေတာ အယုံကြည်ကင်းမဲ့တာပေါ့၊ ဒါမှမဟုတ် ဒီလိုရည်ညွှန်းစျေးထက် ပိုရောင်းရင် အကုန်ဖမ်းမယ်ဆိုရင်တောင် ရောင်းမယ့်သူရှိမှာတောင်မဟုတ်တော့ဘူး၊ ဟိုးအရင် ၂၀၀၀ ပြည့်နှစ်အရှေ့ပိုင်းလို ကားနဲ့လာရောင်းတဲ့ စားအုန်းဆီလေး ၃၀ သား၊ ၅၀ သားလောက် ဝယ်ရဖို့ မနက်မိုးမလင်းခင်ကတည်းက တန်းစီရ၊ ကြားဖြတ်လို့ ရန်တွေဖြစ်ရတဲ့ကာလလို ပြန်ဖြစ်လာမှာ စိုးရိမ်မိတယ်”လို့လည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ကော်မတီက သတ်မှတ်တဲ့ ရည်ညွှန်းဈေးက စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းအပေါ် နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ၊ ဘဏ်စရိတ်၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ စားအုန်းဆီကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းတွေ ပြုလုပ်ရင်တော့ အရေးယူမယ်လို့ ကြီးကြပ်ရေးကော်မတီက အသိပေးထားပါတယ်။

လက်ရှိ MEODA က ကြီးကြပ်ပြီး စားအုန်းဆီတင်သွင်းသူအချို့ကို တစ်ပိဿာ ၄၇၅၀ ကျပ်နဲ့ နေရာအချို့မှာ ရောင်းချနေပေမယ့် အရေအတွက်က အကန့်အသတ်နဲ့ ဖြစ်တာကြောင့် လိုအပ်သလောက် မရရှိပဲ ဈေးကြီးကြီးနဲ့ ပြည်ပမှာ ဝယ်ယူနေရတာလည်း ဖြစ်ပါတယ်။

စားအုန်းဆီအပါအဝင် ပြည်ပမှ သွင်းကုန်ပစ္စည်းများကို နိုင်ငံခြားသုံးကြီးကြပ်ရေးကော်မတီရဲ့ ခွင့်ပြုချက်နဲ့သာ လိုင်စင်ထုတ်ပေးနေပြီး နိုင်ငံခြားငွေ စီးထွက်မှုကို ထိန်းချုပ်ဖို့ အဆိုပါကော်မတီက ကန့်သတ်ချက်တွေ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။ ဒါကြောင့် နေ့စဉ်လိုအပ်တဲ့ ဆီတန်ချိန် ပမာဏကို ထုတ်ယူခွင့်မရှိတာပဲ သတ်မှတ်တန်ချိန်သာ ဆီသိုလှောင်ကန်တွေက ထုတ်ပေးနေတာကြောင့် ပြင်ပဈေးကွက်မှာ စားအုန်းဆီဈေးတွေ မြင့်တက်နေရတာလို့ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းကနေ ကြိတ်ခွဲထုတ်လုပ်တဲ့ ဆီတွေရှိပေမယ့် ပြည်တွင်းထုတ်လုပ်မှုဟာ တန်ချိန် ၄ သိန်းလောက်သာ ရှိပြီး စျေးကွက်လိုအပ်ချက်ဖြစ်တဲ့ တန်ချိန် ၁၀ သိန်းကျော်ကို ဖြည့်ဆည်းနိုင်ဖို့ နှစ်စဉ်ပျမ်းမျှ စားအုန်းဆီ တန်ချိန် ၇ သိန်းကျော်လောက်ကိုတင်သွင်းနေရကြောင်း၊ စျေးကွက်ထဲမှာလည်း စျေးကွက်ဝေစုအများအပြားကို စားအုန်းဆီက လွှမ်းမိုးထားတာဖြစ်ပါတယ်။

ပြည်တွင်းမှာ စားအုန်းဆီစျေးနှုန်းတွေဟာ ၂၀၂၀ ပြည့်နှစ်အတွင်းက တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျော်ဝန်းကျင်သာ ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၂၂၀၀ ကျပ်မှ ၂၂၅၀ ကျပ်ဝန်းကျင်ဖြစ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မိုးတွင်းကာလထဲမှာ တစ်ပိဿာကို ၄၀၀၀ ကျပ်အထိ စံချိန်တင်အောင် ရောက်ရှိသွားပြီး ယခုလိုတဖြေးဖြေး စံချိန်ချိုးမြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page