လစာ သိန်းဆယ်ချီရမယ့် ဂျပန်နိုင်ငံအလုပ်များအတွက် မြန်မာလုပ်သား ၃၀၀ နီးပါးကို ခေါ်ယူ

ဂျပန်က မြန်မာလုပ်သား ၂၇၀ကျော် ခေါ်ဖို့ အလုပ်ကမ်းလှမ်းစာ ၉၄ခု ပို့ထားတယ်လို့ တိုကျိုရှိ မြန်မာသံရုံးက ပြောပါတယ်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ မေလ (၁၄) ရက်နေ့မှ မေလ (၃၁) ရက်နေ့အတွင်း စိစစ်ပြီး စကစ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၉၄)ခုရှိပြီး ယင်းကမ်းလှမ်းစာအရ မြန်မာလုပ်သား အမျိုးသား ၁၃၅ ဦးနဲ့ အမျိုးသမီး ၁၃၉ ဦး ခေါ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် ဂျပန်နိုင်ငံ၏ အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များအပေါ် စိစစ်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများအား စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို စကစ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများတွင် လုပ်သား အများအပြား လိုအပ်လျက် ရှိသောကြောင့် ပြည်ပလုပ်သားတွေကို မကြာခဏ ခေါ်ယူနေတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံတွင် သွားရောက် လုပ်ကိုင်ပါက တလလျှင် အနိမ့်ဆုံး သိန်းဆယ်ဂဏန်းကျော် လစာများ ရရှိနိုင်သဖြင့် မြန်မာ လူငယ်များအနေနဲ့ အလွန်စိတ်ပါဝင်စားနေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page