စကစ ကျောင်းတွေမှာ သင်ပေးမယ့် ဆရာမ မရှိသဖြင့် တပတ် ၂ ရက်သာ ကျောင်းတက်ရမည်

ကျောင်းသားပေါင်း ၅ သန်းကျော် ကျောင်းအပ်တယ်ဆိုပြီး လေကျယ်နေတဲ့ စကစကတော့ “ထင်သာထင် မဝင်ဘူး ကျောင်း အစ်မရေ” ဆိုတဲ့ စကားလို ဖြစ်သွားပါပြီ။ ကျောင်းလာတက်တဲ့ ကျောင်းသားတွေကို ကိုဗစ်ဆေးထိုး သလိုလို၊ စာရင်း လုပ်သလိုလိုနဲ့ နောက်ဆုံးတော့ စာသင်ပေးမယ့် ဆရာမ မရှိလို့ ဇွန်လတလလုံး ၅ ရက်ပဲ စာသင်နိုင်မယ်လို့ သိရပါတယ်။

မူလတန်းကလေးတွေကို မနေ့က ဇွန်လ ၂ ရက်နေ့က ကျောင်းကို လာခိုင်းပြီး အခန်းထဲ ထိုင်ခိုင်းထားကြောင်း၊ စာရင်းလုပ်တာလိုလို လုပ်ပြီး ဘာစာမှ မသင်ကြောင်း၊ ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာတော့ ဇွန်လ တလလုံး ၅ ရက်ပဲ ကျောင်းတက်ရမှာ ဖြစ်ကြောင်း၊ ၂ ရက်တက်ပြီး ၃ ရက်ပိတ်မှာ ဖြစ်ကြောင်း၊ ဆရာမ မရှိလို့ မသင်ပေးနိုင်ကြောင်း ကျောင်းသား မိဘတဦးက ပြောပါတယ်။

တပတ်ကို ၂ ရက်ခန့်သာ ကျောင်းတက်ရပြီး ၃ ရက် ကျောင်းပိတ်ပေးထားမယ်လို့ သိရပါတယ်။ ကလေးတွေ ကျောင်းလာအပ်တဲ့ စာရင်းသာ ပြလိုပြီး တကယ် စာသင်မပေးနိုင်တဲ့ အဖြစ်က ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

လုံခြုံရေး အကြောင်းပြ၊ ကိုဗစ် အကြောင်းပြနေပေမယ့် တကယ်တမ်းတော့ သင်ပေးမယ့် ဆရာမ မရှိဘူးဆိုတာ ရုပ်လုံး ပေါ်လာပါပြီ။ ယခုနှစ်မှ စဖွင့်တဲ့ တက္ကသိုလ်ဝင်တန်း စနစ်သစ်တွေလည်း ဖတ်စာအုပ် မရှိလို့ ဘာမှ မသင်ဘဲ စာသင်ခန်းထဲမှာ တစ်တော့ ဆော့ခိုင်းထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာမှ စကစ ဖွင့်လှစ်မည့် ဘီတွတ်အထက်တန်း ကျောင်းမှာတော့ အထက်တန်းအဆင့်သင်ကြားမည့် ဆရာ၊ ဆရာမရှိသဖြင့် ပြင်ပဆရာများ ငှားရမ်းရန် ကျောင်းသားများထံမှတစ်ဦးလျှင် လစဉ်ငွေ ၄၅၀၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း ဒေသခံများထံက သိရပါတယ်။

“အထက်တန်းကျောင်းကတော့ ကျနေပြီး သင်ကြားပေးမယ့် ဆရာ၊ ဆရာမ မရှိလို့ ကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်ပြီး တစ်လကို ကျောင်းသား တစ်ဦးကိုငွေ ၄၅၀၀ ကျပ်အထိပေးဖို့ ပြောတယ်။ အုပ်ချုပ်ရေးဘက်ကပြောတာပါ.. သူတို့အနေနဲ့က ပြင်ပဆရာ ငှားသင်ရမှာမို့ပါတဲ့.. အစည်းအဝေးမှာပြောတယ်။ ပြောတော့သာ အခမဲ့ပညာရေးစနစ်တဲ့ ရုပ်ပြသက်သက်သာရှိတယ်။” ဟု အဆိုပါ ကျေးရွာမှ ဒေသခံကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အဆိုပါစာသင်ကျောင်းမှ Grade-11 အဆင့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားရန်အတွက် ပြင်ပဆရာများကို ငှားရမ်းမည်ဖြစ်ပြီး အဆိုပါငှားရမ်းခအတွက် ကျောင်းစတင်ဖွင့်လှစ်မည့်လမှစတင်ပြီး ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် လစဉ်ငွေ ၄၅၀၀ ကျပ်ပေးဆောင်ရမည်ဖြစ်ပြီး မိဘများမှ ကလေးများကို ပိုက်ဆံများထည့်ပေးလိုက်ရန် ကျောင်းသားမိဘများကို ကျောင်းတာဝန်ရှိသူများကခေါ်ယူ၍ အသိပေးပြောဆိုထားကြောင်းသိရပါတယ်။ ဘီတွတ်အထက်တန်းကျောင်းတွင် ယခုနှစ် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၃၃၆ ဦးကျောင်းအပ်နှံထား တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page