ပုဇွန်တောင်ဈေး မီးလောင်မှု (၄) ကြိမ်လုံး ရှို့မီးဖြစ်၊ သံသယရှိသူကို မီးသတ်က ဖမ်းဆီး စစ်ဆေးနေ

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်က ပုဇွန်တောင်ဈေးမှာ မီးလောင် မီးလန့်မှု လေးကြိမ် ဖြစ်ပွားတာဟာ ရှို့မီး ဖြစ်ပြီး ကျူးလွန်တယ်လို့ သံသယရှိသူ တစ်ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ က အဆင့်မြင့် မီးသတ်အရာရှိ တစ်ယောက်က ပြောပါတယ်။

ပုဇွန်တောင်ဈေးမှာ ဇွန် ၂၆ ရက်က မီးလောင်မှု၊ ဇူလိုင် ၁ ရက်က မီးလန့်မှု၊ ဇူလိုင် ၂ ရက်က မီးလန့်မှု နဲ့ ဇူလိုင် ၃ ရက်က မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီမီးလောင်မှုတွေနဲ့ပတ်သက်ပြီး သံသယရှိသူ တစ်ယောက် ကို ဖမ်းဆီးထားကာ စိတ်မနှံ့ဖြစ်ပြီး မီးရှို့တာလား ရည်ရွယ်ချက်နဲ့ မီးရှို့တာလားဆိုတာကို စစ်ဆေးဖော်ထုတ် နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အဆင့်မြင့် မီးသတ်အရာရှိ တစ်ယောက်က ပြောပါတယ်။

ပုဇွန်တောင် ဈေးမီးလောင်၊ မီးလန့်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အပါအဝင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေး နေတယ်လို့ ဆိုပါတယ်။ အဲဒီပုဇွန်တောင်ဈေး မီးလောင်၊ မီးလန့်မှု လေးကြိမ်နဲ့ ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိပြီး ပုဇွန်တောင် မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိတဲ့ ဈေးကြီးတွေဟာ ၂ နှစ်တခါ နီးပါးလောက် မီးလောင်ကျွမ်းလေ့ ရှိပြီး မီးလောင်ပြာကျပြီးပါကတည်း ဈေးအသစ်ဆောက်ဖို့ ဒီဇိုင်းက ချက်ချင်း ထွက်ရှိလာလေ့ ရှိပါတယ်။ ယခုလည်း ပုဇွန်တောင်ဈေးကြီးနေရာမှာ ကွန်ဒိုကြီးလား၊ ပလာဇာကြီးလား ဆောက်ချင်လို့ ရှို့ခိုင်းတာ ဖြစ်မယ်လို့ ဒေသခံတဦးက ပြောပါတယ်။ လောင်တဲ့မီးကလည်း စစ်မှစစ်၊ ရှို့တဲ့သူကလည်း ရဲမှ ရဲပဲလို့လည်း ထပ်မံ ပြောကြားသွားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page