စကစဗဟိုဘဏ်ချေးငွေ ဒေါ်လာသန်း ၂၀၀ အငွေ့ပျံ့သွားကြောင်း သက်သေပြလိုက်တဲ့ ဖြစ်ရပ်

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီက စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿာကို ကျပ် ၅၂၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုအရ သတ်မှတ်ခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ကြီးကြပ်မှုကော်မတီရဲ့ သတ်မှတ်ဈေးနဲ့ နှိုင်းယှဉ်ရင် တစ်ပိဿာ ၃၁၀ ကျပ် ထပ်မံ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။

စကစ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ဩဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အတွင်း အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေဖို့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ကနေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ချေးပေးမယ်လို့ ဖော်ပြခဲ့ပါတယ်။

သို့သော်လည်း ယနေ့ထုတ်ပြန်ချက်အတွင်း ကြီးကြပ်မှုကော်မတီရဲ့ အခြေခံရည်ညွှန်းဈေးလည်း မြင့်တက်လာသလို လက်လီဈေးကွက်အတွင်းမှာလည်း တစ်ပိဿာ ကျပ်တစ်သောင်းအထိ ပေးဝယ်နေရပါတယ်။ စကစ လက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ကတော့ လိုအပ်ပါက စက်သုံးဆီနဲ့ စားအုန်းဆီတင်သွင်းသူများအတွက် အမေရိကန်ဒေါ်လာ ထပ်မံချေးပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားထားပါတယ်။

ဆီကုန်သည်များအသင်းက ရန်ကုန်နဲ့ တခြားမြို့တွေမှာ စားအုန်းဆီ တပိဿာကို ၅၅၀၀ ဝန်းကျင်နဲ့ ရောင်းချပေးနေပေမယ့် အရေအတွက်ကို ကန့်သတ်ထားတာကြောင့် ပြည်သူများ တန်းစီ ဝယ်ရလျက် ရှိပါတယ်။ အခြေခံ စားသုံးကုန် ပစ္စည်းများ ဈေးတက်လာတာကြောင့် အခြေခံလူတန်းစားပြည်သူများ ခက်ခဲကျပ်တည်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page