ကျောင်းဖွင့်ပြီး တလနီးပါး ကြာတဲ့အထိ တိုင်ပတ်နေတဲ့ စကစကျောင်းတွေနဲ့ ပုံနှိပ်စာအုပ် ဂယက်

စကစက တည်ငြိမ်အေးဆေးနေပါပြီ ဆိုတဲ့အကြောင်း လိမ်လည် ဝါဒဖြန့်ဖို့ ဖွင့်လှစ်ခဲ့တဲ့ ကျောင်းတွေမှာ ကျောင်းဖွင့်ချိန် တလနီးပါး ရှိလာပေမယ့် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။

မူလတန်းတွေမှာ ကျောင်းတက်ရောက်သူ နည်းပါးခြင်း၊ သင်ကြားပေမယ့် ဆရာ၊ ဆရာမ မရှိခြင်းတို့ကြောင့် တတန်းထဲမှာပဲ ကျောင်းချိန်ကုန်တဲ့အထိ စုပြုံထိုင်ခိုင်းနေရတယ်လို့ ကြားသိရပါတယ်။ သင်ကြားမှုလည်း သေသေချာချာ မလုပ်နိုင်တာကြောင့် မိဘတွေက ဆရာမတွေကို ကလေးထိန်းခိုင်းထားသလို ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဆရာမတဦးက ပြောပါတယ်။

ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ်တွေကလည်း ကျောင်းတက်တဲ့ ကျောင်းသားဦးရေနဲ့ ညီတူညီမျှ မပေးနိုင်သေးဘဲ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဧရာတီတိုင်းက ကျောင်းဆရာ တဦးရဲ့ ရင်ဖွင့်သံကို ဖော်ပြ လိုက်ပါတယ်-

“သင်ရိုးညွှန်းတမ်း မာတိကာတွေလည်း ဘယ်တော့ထုတ်ပေးမလဲ၊ ဗလာစာအုပ်တွေလဲ ဘယ်တော့ ရမလဲ။G1 ကနေ G5 အထိ ၅၃ယောက် ရှိတာ ဗလာစာအုပ် ၁၄ ဒါဇင်ဘဲ ရသေးတယ်။ ပုံနှိပ်စာအုပ်တွေကလည်း ဟိုဘာသာ မရသေး၊ ဒီဘာသာ မရသေး၊ G5 ဆရာလမ်းညွှန်တွေကလည်း စာအုပ်ဆိုင်တွေမှာသာ ရှိတာ ကျောင်းတွေကို မရောက်သေး၊ ကျောင်းတွေကို အရင်ပို့ရမယ့် စာအုပ်တွေက စာအုပ်ဆိုင်တွေ ရောက်နေတာ ဘယ်သူတွေ လက်ချက်လဲ၊ စီမံခန့်ခွဲမှူကောင်း”

ကျောင်းအပ်တဲ့ ကျောင်းသာတိုင်း အခမဲ့ ရမယ်ဆိုတဲ့ ဗလာစာအုပ်နဲ့ ပုံနှိပ်စာအုပ်တွေကို ကျောင်းလာတက်တဲ့ သူတိုင်းကို လက်ရှိအချိန်ထိ မပေးနိုင်သေးပေမယ့်လည်း ပိုက်ဆံနဲ့ ဝယ်ရတဲ့အပြင်ဆိုင်တွေမှာတော့ လိုသလောက် ဝယ်လို့ ရနေတာကို ထူးဆန်းအံ့ဩစွာ တွေ့ရှိရပါတယ်။

စကစလက်အောက်ခံ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ဘဲ ချေးငွေ လစာ (၂) လစာ ပြန်ရဖို့ ဆရာ၊ ဆရာမတွေဆီက အတင်းအကျပ် ပြန်တောင်းရေးကို အဓိက ထားနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဆရာ၊ ဆရာမတွေအနေနဲ့ စကစ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက မကြာခဏ ကောက်ခိုင်းတဲ့ အဓိပ္ပာယ် မရှိတဲ့ စာရင်းအင်းတွေကို ကောက်ယူ ပြုစုနေရတာကြောင့် သင်ကြားရေးပိုင်းကို အာရုံမစိုက်နိုင်ကြဘူးလို့ သိရပါတယ်။ ဒီလို အိုးနင်း ခွက်နင်း ဖြစ်နေတဲ့ စကစကျောင်းတွေအနေနဲ့ ကလေးတွေကို ရေရှည်မှာ ပညာတတ်ကြီးတွေ ဖြစ်သွားအောင် ဘယ်လို ပြုစုပျိုးထောင် သင်ကြားပေးမလဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page